Friday, December 28, 2007

သံဃာ့ ဦးသျှောင် ဥက္ကဌ ပီနံဆရာတော်ကြီးက မြန်မာ့အရေးလှုပ်ရှားသူများ သွေးစည်း ညီညွတ်ရန် မိန့်ကြား

သံဃာ့ ဦးသျှောင် ဥက္ကဌ ပီနံဆရာတော်ကြီးက

မြန်မာ့အရေးလှုပ်ရှားသူများ သွေးစည်း ညီညွတ်ရန် မိန့်ကြား
ဧရာဝတီ | ဒီဇင်ဘာ ၂၇၊ ၂၀၀၇

သံဃာ့ ဦးသျှောင်အဖွဲ့ ဥက္ကဌ ပီနံဆရာတော်ကြီး ဦးပညာဝံသက မြန်မာပြည်လွတ်မြောက်ရေးနှင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် စည်းလုံးညွတ်ညွတ်စွာ ပေါင်းစည်းလုပ်ဆောင်ကြရန် မြန်မာ့အရေးလှုပ်ရှားသူများကို ယနေ့ ပြောကြားလိုက်သည်။

မလေးရှားနိုင်ငံ ပီနံမြို့ရှိ အဆိုပါ ဆရာတော်ကြီး၏ ကျောင်းတိုက်၌ ယနေ့နေ့လယ်ပိုင်းက မလေးရှားနိုင်ငံ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများ စသည့်အဖွဲ့အစည်း ၂၀ ခန့်မှ လူ ၁၀၀ ကျော်ခန့်တက်ရောက်သည့် တွေ့ဆုံစည်းဝေးပွဲတွင် ယခုကဲ့သို့ မိန့်ကြားလိုက်ခြင်း ဖြစ်သည်ဟု ယင်းအစည်း အဝေးတက်ရောက်သည့် သံဃာ့ ဦးသျှောင်အဖွဲ့ဝင် သံဃာတော်တပါးဖြစ်သော ဦးအဂ္ဂ၀ံသက ပြောသည်။

“ရည်ရွယ်ချက်ကတော့ တကွဲတပြားဖြစ်နေတဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးက မြန်မာ့အရေးအတွက်ကြိုးပမ်းနေကြတာကို ဆရာတော်ကြီးက ကဏ္ဍသစ်အနေနဲ့ စည်းလုံး ညီညွတ်စွာပူးပေါင်းလုပ်ဆောင်ဖို့ သြ၀ါဒပေးတာပါ”ဟု ဦးအဂ္ဂ၀ံသက ဧရာဝတီသို့ ပြောသည်။

ဦးအဂ္ဂ၀ံသသည် သီရိလင်္ကာနိုင်ငံ ရဟန်းပျိုများ သမဂ္ဂမှ ဒု ဥက္ကဌ ဖြစ်သည်။

NLD, ABSDF, လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စသည့်အဖွဲ့အစည်းများနှင့် မလေးရှားရှိ ရခိုင်၊ မွန်စသည့် တိုင်းရင်းသား အဖွဲ့များက ခေါင်းဆောင်များက ပီနံဆရာတော်ကြီး၏ သြ၀ါဒ ချမှတ်ချက်များအတိုင်း ညှိနှိုင်းဆောင်ရွက်ရန် သဘောတူ ကြသည်ဟုလည်း မြန်မာ့အရေးလှုပ်ရှားသူ ကိုအောင်နိုင်သူက ပြောသည်။

“မြန်မာ့အရေးအတွက် ဆရာတော်ကြီးရဲ့ ဦးဆောင်မှုနဲ့ တိုင်ပင်ဆွေးနွေးပြီးလုပ်ဆောင်ဖို့ သဘောတူကြတယ်၊ အဖွဲ့အားလုံး ပေါင်း ၁၈ ဖွဲ့ ၁၉ ဖွဲ့ လောက်ရှိမယ်၊ အဓိကက တော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး၊ စစ်အစိုးရ ပြုတ်ကျရေးပဲ”ဟု
ဦးအဂ္ဂ၀ံသ ကပြောဆိုသည်။

ယမန်နေ့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက သာသနာတော်အား ညှဉ်းပန်း နှိပ်စက်ခံနေရ ခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ ပြည်တွင်း ပြည်ပရှိ ဗုဒ္ဓဘာသာ သံဃာ့အဖွဲ့အစည်းများနှင့်အတူ မြန်မာနိုင်ငံ၏ ဘာသာ ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ဆိုင်သော ကိစ္စများကို ဆောင်ရွက် ရန် စသည့် အချက်လေးချက်
ပါဝင်ပြီး ဦးဆောင်သံဃာ့ကိုယ်စားလှယ်တော် ၁၀ ပါး နှင့် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးအား ပြန်လည် တိုးမြှင့် ဖွဲ့စည်းလိုက် သည့် ကြေညာချက်ကို ထုတ်ပြန်သည်။

ပြည်ပရှိ သံဃာ့ဦးသျှောင်အဖွဲ့မှ ဦးအဂ္ဂ၀ံသက“ဒီနေ့ ပီနံဆရာတော်ဘုရားကြီးရဲ့ သြ၀ါဒကို လာပြီးတော့ ခံယူကြတယ် ဆိုတာ သာသနာတော် ညှဉ်းပန်း နှိပ်စက်ခံနေရခြင်းမှ ကာကွယ်စောင့်ရှောက်ရန် ဆိုတာ အဓိကပါပါတယ်၊ စစ်အစိုးရ ဖြုတ်ချရေးလည်း တခါတည်း ပါသွားတာပေါ့၊ အဓိက က သွေးစည်း ညီညွတ်မှု ပါပဲ”ဟု မိန့်ကြားသည်။

No comments: