Wednesday, December 5, 2007

မစိုးရိမ်ကေဵာင်း ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

Sample Image
မစိုးရိမ်ကေဵာင်း ရာပြည့်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
ညိုကြီး (မူပိုင်) မှ ကောက်နုတ်ဖော်ပြပါသည်
ဒီဇင်ဘာ ၅၊ ၂၀၀၇

(မိုးမခ အယ်ဒီတာ စကား - မန္တလေးမြို့၊ လူထုနဲ့ သာသနာ့ ကျက်သရေဆောင် မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ ရာပြည့် အခမ်းအနားကြီးကို ဒီဇင်ဘာလ ပထမပတ်မှာ ကျင်းပခဲ့ပါတယ်။ ထူးခြားတာကတော့ ပြည်ပရောက် သာသနာ့မောဠိ ဆရာတော်ဘုရားကြီး (နအဖ အခေါ် ထောင်ထွက်ဘုန်းကြီး) ရဲ့ ဓာတ်ပုံတွေ၊ ဆုံးမစာတွေကို ထင်ရှားစွာ ကပ်လှူ ပူဇော်ထားတာပါပဲ။ မြန်မာပြည်သားတွေ၊ သပိတ်မှောက် သံဃာတော်တွေက မစိုးရိမ်ရာပြည့်မှာ သူတို့ရဲ့ အမျိုး၊ဘာသာ၊ သာသနာအတွက် သတ္တိနဲ့ စိတ်ဓာတ်ကို ထုတ်ပြရဲသေးတာ၊ ပြည်ပက မြန်မာတွေကလည်း သပိတ်မှောက် သံဃာထုကြီးဖက်က သောင်းသောင်းဖျဖျ အားပေးရပ်တည်ရဲကြရမှာပေါ့လို့ မိုးမခ စာနယ်ဇင်းအဖွဲ့က အကျိုးမျှော်ပြီး နိဗ္ဗာန်ဆော်လိုက်ရပါတယ်။ ကြောက်ရင် လွဲတာပါပဲ။ ဗုဒ္ဓဘာသာဝင်ကောင်း အဖြစ်နဲ့လွဲတာ ပြောတာပါ။ အတိတ်က ဘာ လုပ်ခဲ့ လုပ်ခဲ့။)

( ညိုကြီးရဲ့ စကား - သတင်းများကို မန္တလေးမြို့ထုတ် ရတနာပုံသတင်းစာ(၂-၁၂-၀၀၇)မှလည်း ကိုးကားပါတယ်။ ဓာတ်ပုံများကတော့ ကျွန်တော့်ဘလော့ဂ်ရဲ့ မူပိုင်ဖြစ်ပါတယ်)

Sample Image
၃၅ လမ်းပေါ်က မြင်ကွင်း
Sample Image
ကျောင်းတိုက် မျက်နှာစာ တစ်ခု

Sample Image
မစိုးရိမ်ကျောင်းတိုက် အတွင်းက နာရီစင်
မြန်မာ့သမိုင်း၊ မြန်မာ့ဗုဒ္ဓဘာသာသမိုင်း၊ မန္တလေးမြို့ဗုဒ္ဓဘာသာသမိုင်းမှာ အထင်ကရဖြစ်တဲ့ မန္တလေး-မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ နှစ်တစ်ရာပြည့်ပွဲတော်ကို ၂၀၀၇၊ ဒီဇင်ဘာ (၂၊ ၃၊ ၄)ရက်များမှာ ခြိမ့်ခြိမ့်သဲ ကျင်းပသွားပါတယ်။

Sample Image
အထိမ်းအမှတ်ပြခန်း

ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး(သံဃာတော်များရဲ့ ရဲဝံ့သော ပြယုဂ်)အတွင်း မန္တလေး-မစိုးရိမ်ကျောင်းတိုက်မှ သံဃာများရဲ့ သမိုင်းဝင် ဆောင်ရွက်ချက်များမှာ ယခုအခါ ပူပူနွေးနွေးပဲ ရှိသေးတာပါ။

ယခုလည်း နအဖ စစ်ထောက်လှမ်းရေးများ ခြေချင်းလိမ်နေတဲ့ ကြားမှာပဲ မစိုးရိမ်၊ ရာပြည့်ပွဲကို ကျင်းပသွားပါတယ်။

Sample Image
အထိမ်းအမှတ် မှတ်တမ်း

နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် နေ့စဉ်သံဃာတော် အပါး ၁၀၀၀ တို့ကို ဆွမ်းလောင်းလှူခြင်း၊ ဆွမ်းဆက်ကပ်ခြင်းနှင့် ကြည်ညိုသဒ္ဓါပွားစေရန် သံဃာတော်များရဲ့ သင်္ဂါယနာတင်သရုပ်ဖော်အခမ်းအနားများ ကျင်းပခြင်း စသဖြင့် ပြုလုပ်သွားပါတယ်။

ဒီဇင်ဘာ ၂ ရက် ညပိုင်းမှာ သီတဂူဆရာတော်တရားပွဲနှင့် မြို့မအပျော်တမ်းတေးဂီတအဖွဲ့၊
ဒီဇင်ဘာ ၃ ရက် ညပိုင်းမှာ ခင်မကန်တိုက် မိုးတားကျောင်း ဆရာတော်တရားပွဲနှင့် မြတရာအငြိမ့်၊
ဒီဇင်ဘာ ၄ ရက် ညပိုင်းမှာ တိပိဋကဓရ ယောဆရာတော်တရားပွဲနှင့် ရွှေမြန်မာတေးဂီတအငြိမ့်ခန်း....
စသဖြင့် စည်ကားစွာ ကျင်းပသွားပါတယ်။

Sample Image
အငြိမ့်

ပွဲတော်ရက်များအတွင်း သတင်းပြန်ကြားရေးနှင့် ဖျော်ဖြေရေးဆပ်ကော်မတီမဏ္ဍပ်မှာ

နှစ်တစ်ရာပြည့် အထိမ်းအမှတ်စာအုပ်တစ်အုပ် ၃၀၀၀ ကျပ်၊

မစိုးရိမ်သမိုင်းနှင့် သာသနာဝင်စာအုပ် တစ်အုပ် ၃၀၀၀ ကျပ်၊

ပြက္ခဒိန်တစ်ခု ၅၀၀ ကျပ်၊

မစိုးရိမ်နှစ်တစ်ရာပြည့်တေးအလင်္ကာ VCD ခွေတစ်ချပ် ၁၂၀၀ ကျပ် နှုန်း များဖြင့်

ရောင်းချပေးသွားကြောင်း သတင်းရရှိပါတယ်။

Sample Image
သတင်း/ပြန်ကြားရေးနှင့် ဖျော်ဖြေရေး ဆပ်ကော်မတီ

မစိုးရိမ်ရဲ့ နှစ်တစ်ရာပြည့်ပွဲတော်ကြီးမှာ တကယ့်ကို သတိရစရာဖြစ်ရတာကတော့ မစိုးရိမ်ဆရာတော်ဘုရားကြီး အရှင်ကောဝိဒါဘိဝံသ (ယခုအခါ သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် - ပဓာနစေရ ဆရာတော် ဦးကောဝိဒါဘိဝံသ) ဖြစ်ပြီး ယခုအခါ ဆရာတော်ဘုရားကြီးမှာ မြန်မာပြည် စစ်အ"ဆိုး"ရ၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ဗုဒ္ဓသာသနာတော် ညှိုးမှိန် ရခြင်းများကို ပြည်ပမှ စွမ်းစွမ်းတမံ ကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။

Sample Image
ပြခန်းမှာ တွေ့ရတဲ့ ဆရာတော်ကြီး ဦးကောရဲ့ ပုံတော်

(ဆရာတော်ဘုရားကြီး ဦးကောဝိဒါဘိဝံသ အကြောင်း ကို http://aoab.blogspot.com/2007/11/blog-post_3793.html တွင် ဖတ်ရှုနိုင်ပါသည်။)

(သာသနာ့မောဠိ - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အကြောင်းကို http://sasanamoli.blogspot.com/ တွင် အသေးစိတ် ဖတ်ရှုနိုင်ပါသည်။)

Sample Image

ပြခန်းမှာ တွေ့ရတဲ့ ဆရာတော်ကြီး ဦးကောရဲ့ ဆုံးမစာ
( မူပိုင် - ညိုကြီး ) http://bigbbrown.blogspot.com/

No comments: