Friday, May 2, 2008

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ၏ အန္တိမအဂ္ဂိ ဈာပန အခမ်းအနားသို့ သာသနမောဠိ ဦးဆောင်ဆရာတော်များ ရောက်ရှိ

မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ၏ အန္တိမအဂ္ဂိ ဈာပန အခမ်းအနားသို့ သာသနမောဠိ ဦးဆောင်ဆရာတော်များ ရောက်ရှိ
မိုးမခ အထောက်တော် ၀၀၂

မေ ၂၊ ၂၀၀၈

သာသနမောဠိ ဥက္ကဋ္ဌ ပီနန်ဆရာတော် ဦးပညာဝံသနှင့် အတွင်းရေးမှူးဆရာတော် ဦးဥတ္တရတို့ နယူးယောက်သို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း သိရှိရသည်။ ဌာနေ ဒုဥက္ကဋ္ဌဆရာတော် ဦးဝိလာသနှင့်တကွ အခြားရောက်ရှိနေကြပြီဖြစ်သော သာသနမောဠိဆရာတော်များ တွေ့ဆုံဆွေးနွေးကြလျက် အစီအစဉ်များ ပြင်ဆင်နေကြပြီဟု ဆိုပါသည်။

ကဗျာဆရာ မောင်စွမ်းရည်ကို မိုးမခက ဆက်သွယ်မေးမြန်းရာတွင် - မြန်မာပြည်တွင်းရှိ တပည့်သံဃာတော်များက ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော အရိုးပြာတို့ကို မျှဝေပေးစေလိုသည့် ဆန္ဒရှိသည်ဟု ဆိုကြောင်း၊ မစိုးရိမ်ကျောင်းတော်ကြီး နှစ် ၁၀၀ ပြည့် အခမ်းအနားကျင်းပစဉ်ကလည်း သံဃာတော်များက အာဏာပိုင်တို့ အတားအဆီးများကို ဥပက္ခာပြုလျက် ဆရာတော်ကြီး၏ ဓာတ်ပုံကားချပ်ကြီးကို ပြခန်းတွင် တင်ဆက်ပြသ ပူဇော်ခဲ့သကဲ့သို့ ဆရာတော်ကြီးကို ဂုဏ်ပြုအလေးအနက်ထားသော ပြတိုက်တခု တည်ဆောက်ဖွင့်လှစ်လိုသည့် ဆန္ဒများ ရှိသည်ဟု ကြားသိရကြောင်း ပြောကြားပါသည်။

ဂျပန်နိုင်ငံရောက် မြန်မာများထုတ်ဝေသည့် မိုးသောက်ကြယ်ဂျာနယ်၏ ယခုလထုတ် မျက်နှာဖုံးတွင် ဆရာတော်ကြီးဓာတ်ပုံနှင့် မိန့်ဆိုချက်ကောက်နုတ်စာသားကို ဖော်ပြထားသည်ကိုတွေ့ရသည်မှာလည်း ဆရာတော်ကြီးအား အမှတ်တရ နှုတ်ဆက်နေသလို ၀မ်းနည်းစရာ အောက်မေ့ဖွယ် ဖြစ်ရသည်ဟု ဆရာတော်တပါးက ထုတ်ဖော်ပြောပါသည်။

သာသနမောဠိဆရတော်များ ဦးစီးသည့် ဆရာတော်ကြီး၏ ဈာပနကော်မတီအနေဖြင့် အထူးမေတ္တာရပ်ခံလိုသည်မှာ ယခုလာမည့် စနေ၊တနင်္ဂနွေတွင် ကျင်းပမည့် အခမ်းအနားသို့ လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်းပေါင်းစုံက စည်းလုံးညီညွတ်စွာဖြင့် တက်ရောက်ကြစေလိုကြောင်း၊ ဆရာတော်ကြီး တဖွဖွပြောဆို တိုက်တွန်းခဲ့သော ညီညွတ်သည့် အင်အားကို ထုတ်ဖော်လျက် ဆရာတော်ကြီး၏ နောက်ဆုံးခရီးကို ပို့ဆောင်ပေးကြစေလိုကြောင်း ပြောကြားပါသည်။

ယခုရက်သတ္တပတ်ကုန်တွင် ကျင်းပသည့် ဈာပနအခမ်းအနားသို့ မလာရောက်နိုင်ကြသော ပြည်တွင်း ပြည်ပက ဆရာတော်ကြီး၏ ပရိသတ်၊ တပည့်၊ ရဟန်းသံဃာ၊ တကာ တကာမများအနေဖြင့်လည်း ဆရာတော်ကြီးနှင့်တကွ အမျိုး၊ ဘာသာ၊ သာသနာအတွက် အသက်မငဲ့သော သံဃာအာဇာနည်များကို ရည်စူးပြီး မိမိတို့ ရောက်ရှိရာ ကျောင်းကန်ဘုရားတို့တွင် အလှူဒါန ကောင်းမှုကုသိုလ်တို့ပြုလုပ်ပေးကြစေလိုကြောင်းလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရပါသည်။

ပြည်တွင်း ပြည်ပက ၀မ်းနည်းမှတ်တမ်းများ၊ ၀မ်းနည်းကြောင်း သ၀ဏ်လွှာများ အသီးသီးပို့လာကြသည်ပြီး အချို့က သာသနာ့အလံတော်ကို ကျောင်းကန်များတွင် တိုင်ဝက်လွှင့်ထူပြီး ၀မ်းနည်းခြင်းအထိမ်းအမှတ်ပြုလိုသည်ဟုပင် ထုတ်ဖော်ပြောဆိုကြသည်ဟု ဆိုပါသည်။

No comments: