Thursday, January 10, 2008

စစ်အစိုးရ ဘွဲ့တံဆိပ် လက်မခံရန် သံဃာ့ ဦးသျှောင်အဖွဲ့ တိုက်တွန်း

စစ်အစိုးရ ဘွဲ့တံဆိပ် လက်မခံရန် သံဃာ့ ဦးသျှောင်အဖွဲ့ တိုက်တွန်း
ကိုစိုး | ဇန်နဝါရီ ၈၊ ၂၀၀၈

ပတ္တနိက္ကုဇ္ဖန သပိတ်မှောက် ကံဆောင်ထားခြင်း ဖြစ်သည့်အတွက် စစ်အစိုးရမှ ဆက်ကပ်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား သံဃာတော်များအနေနှင့် လက်မခံသင့်ကြောင်း ပြည်ပအခြေစိုက် သံဃာ့ ဦးသျှောင်အဖွဲ့က ပြောကြားလိုက်သည်။

စစ်အစိုးရက သာသနာတိုးတက် ထွန်းကားနေကြောင်း ပြသလိုခြင်းနှင့် သံဃာထုအား စည်းရုံးသိမ်းသွင်းလိုခြင်းတို့ ကြောင့် ယခုကဲ့သို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ခြင်း ဖြစ်သည့်အတွက် လက်မခံသင့်ဟု သံဃာ့ ဦးသျှောင်အဖွဲ့ ဥက္ကဌ ပီနံဆရာတော်ကြီး ဦးပညာဝံသက ပြောကြားခြင်း ဖြစ်သည်။

“အစိုးရက သာသနာ ထွန်းကားနေပါတယ်ဆိုတာ ပြောချင်တာ၊ မထွန်းကားဘူး ထွန်းကားတယ်ဆိုတာ တကမ္ဘာလုံးက သိတယ်၊ သာသနာတိုးတက် မတက်ဆိုတာ ဘုန်းကြီးတွေကိုသတ်တာ ကြည့်ရင်သိပါတယ်၊ သူတို့ပေးတဲ့ ဘွဲ့ဆိုတာက စာပုံနှိပ်စက်နဲ့ ရိုက်ထုတ်ပေးတာပါ၊ တချို့ သဘောမပေါက်တဲ့ ဘုန်းကြီးတွေကလည်း အဲဒီ ဘွဲ့စာရွက်ကလေးကို သဘောကျပြီး ပါသွားတာပေါ့” ဟု ပီနံဆရာတော်ကြီး ဦးပညာဝံသက ဧရာဝတီသို့ မိန့်ကြားသည်။

အင်္ဂလိပ် အုပ်ချုပ်သည့် ခေတ်၊ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်နောက်ပိုင်း ဦးနု အစိုးရခေတ်၊ ဗိုလ်ချုပ်နေဝင်း မဆလ အစိုးရခေတ်များတွင်လည်း သာသနာဆိုင်ရာ ဘွဲ့များကို ဆက်ကပ်ခဲ့ရာတွင် အစိုးရ အသီးအသီးက သံဃာများအား ချုပ်ကိုင်လိုသဖြင့် ဆက်ကပ်ခြင်းသဘောက ပိုမိုကြောင်း၊ ယခု စစ်အစိုးရ လက်ထက်တွင် ဤသဘော ထက်ပိုမိုဆိုးရွားပြီး ဘွဲ့တံဆိပ်များလည်း ပိုမိုများပြားလာကြောင်း ဦးပညာဝံသက ဆိုသည်။

သံဃာ့ ဦးသျှောင်အဖွဲ့ဝင် သီရိလင်္ကာနိုင်ငံ ရဟန်းပျိုများသမဂ္ဂအဖွဲ့ ဒု ဥက္ကဌ သံဃာတော် ဦးအဂ္ဂကလည်း “တကယ်တမ်း သာသနာ စိတ်ဓာတ်ရှိမယ်ဆိုရင် အခုအချိန်မှာ ပတ္တနိက္ကုဇ္ဖန သပိတ်မှောက် ကံဆောင်ထားတာ ဖြစ်တဲ့အတွက် ဒီဘွဲ့တွေကို လက်မခံသင့်ပါဘူး၊ လုံးဝငြင်းဆိုသင့်ပါတယ်၊ ဒီလောက် သံဃာတွေကို နှိပ်ကွပ်တဲ့ အစိုးရကပေးတဲ့ဘွဲ့ကို ဘယ်လောက်ပဲ ထေကြီးဝါကြီးပဲဖြစ်ပါစေ၊ လက်ခံတဲ့ သံဃာကို ရှုံ့ချတယ်၊ လုံးဝ ကန့်ကွက်ပါတယ်”ဟု ပြောသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်း ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြသည့် သံဃာတော်များနှင့် ပတ္တနိက္ကုဇ္ဖန သပိတ်မှောက် ကံဆောင်သံဃာများအား စစ်အစိုးရက သံဃာအတုအယောင်များဟု စွပ်စွဲထားရာ ယခုစစ်အစိုးရ ဆက်ကပ်သည့် ဘွဲ့တံဆိပ်များကို လက်ခံလိုက်ပါက စစ်အစိုးရ စွပ်စွဲချက်ကို လက်ခံလိုက်သည်ပင် ဖြစ်သည်ဟုလည်း ဦးအဂ္ဂက ပြောသည်။

“ဘွဲ့လက်ခံတဲ့ ဘုန်းကြီးတွေကို လျှောက်ချင်ပါတယ်၊ အရှင်ဘုရားတို့ ကံဆောင်ထားတဲ့ ရဟန်းတွေဟာ အစစ်လို့ လက်ခံ တယ်ဆိုရင် ဒီဘွဲ့တွေကိုလက်မခံကြပါနဲ့လို့၊ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရက သံဃာအတုတွေလို့ စွပ်စွဲထားတာရှိ တယ်၊ ဒီဘွဲ့တွေကိုသာ လက်ခံလိုက်တယ်ဆိုရင် အစိုးရစွပ်စွဲတဲ့အတိုင်း ကံဆောင်သံဃာတွေဟာ အတုတွေလို့ လက်ခံရာ ရောက်သွားပါတယ်၊ အဲဒါ ပြောချင်တယ်”ဟု ၎င်းက ဆက်လက် မိန့်ကြားသည်။

လွန်ခဲ့သော ၂၀၀၇ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက် ခြင်းကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် သံဃသမဂ္ဂီအဖွဲ့နှင့် ရဟန်းပျိုသမဂ္ဂတို့က ယင်းလုပ်ရပ်အား စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန် တောင်းဆိုထားသော်လည်း စစ်အစိုးရက မတောင်းပန် သောကြောင့် စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး နိုင်ငံတဝန်း ပတ္တနိက္ကုဇ္ဖန သပိတ်မှောက် ကံဆောင်ခဲ့သည်။

ပခုက္ကူမြို့ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်မှ သံဃာတော်တပါးကမူ “အခု ဘွဲ့တံဆိပ်တွေ ကပ်တဲ့အထဲမှာ ဦးပဉ္ဖင်းတို့ ပခုက္ကူ ကတော့ တပါးမှမပါဘူး၊ တချို့သံဃာတွေကလည်း အဲဒီဘွဲ့တံဆိပ်အတွက် အရေးအခင်းမတိုင်ခင် ကြိုတင်ထားတာလည်း ရှိတယ်၊ ဦးပဉ္ဖင်းအနေနဲ့က ဘာမှ သိပ်မဝေဖန်ချင်ပါဘူး၊ အားလုံးလည်း သိနေကြတာပဲ”ဟု ပြောကြားသည်။

No comments: