Thursday, April 10, 2008

သာသနမောဠိအဖွဲ့ချုပ်ဆရာတော်များက ဧပြီ ၂၆ တွင် အခမ်းအနားဖြင့် စစ်အစိုးရ ဆန္ဒခံယူပွဲကို ဆန့်ကျင်သပိတ်မှောက် ချီတက်ပွဲကို စတင်မည်

သာသနမောဠိအဖွဲ့ချုပ်ဆရာတော်များက ဧပြီ ၂၆ တွင် အခမ်းအနားဖြင့် စစ်အစိုးရ ဆန္ဒခံယူပွဲကို ဆန့်ကျင်သပိတ်မှောက် ချီတက်ပွဲကို စတင်မည်
မိုးမခ အထောက်တော် ၀၀၂

ဧပြီ ၁၀၊ ၂၀၀၈

စစ်အစိုးရဆန္ဒခံယူပွဲကို ဆန့်ကျင်သပိတ်မှောက် ချီတက်သည့် အခမ်းအနားကို ဧပြီလ ၂၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ကို အခြေပြု၍ သာသနမောဠိအဖွဲ့ချုပ် ဦးဆောင်ဆရာတော်ကြီးများက ဦးဆောင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာသည်။

ယခုအချိန်တွင် ပြည်ပရောက် ဆရာ၊ ဒကာများအာလုံးက တသွေးတည်းတသံတည်း စည်းလုံးညီညွတ်သည့် တခဲနက်သော အင်အားကို ပြသကြရမည် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာပြည်တွင်းရှိ ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့၏ ဆန္ဒအမှန်ဖက်က ပြည်ပရောက် မြန်မာတို့က တစုတစည်းတည်း ရပ်တည်ကြလျက် စစ်အစိုးရ အတည်ပြုရန်ပြင်ဆင်နေသည့် တရားမ၀င်သော အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲကို ကန့်ကွက်ကြရန် ယခုအခမ်းအနားတွင် ပြသကြရမည် ဖြစ်ကြောင်း၊ စစ်အစိုးရကို အားပေးထောက်ခံနေသည့် သံရုံးအဖွဲ့အစည်းများကိုလည်း ကန့်ကွက်ဆန္ဒပြချီတက်ပွဲကို ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၈၈ ကတည်းက အာဏာသိမ်းထားပြီး ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရပါတီနှင့် စေ့စပ်ဆွေးနွေးခြင်း မပြုလုပ်ဘဲ ရှောင်လွှဲနေသော မြန်မာစစ်အစိုးရက ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်ကို ၎င်းတို့၏ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည့်နေ့အဖြစ် ကြေညာခဲ့ပြီး၊ ၎င်းတို့ အခြေခံဥပဒေမူကြမ်း မိတ္တူများကိုလည်း အများပြည်သူတို့ လေ့လာနိုင်ရန် စတင်ရောင်းချလာသည်ကို တွေ့ရသည်။ ယခင်သတင်းများတွင် ဖော်ပြခဲ့သည့် အမျိုးသားညီလာခံနှင့် အခြေခံဥပဒေမူကြမ်း ကွဲလွဲချက်များကိုလည်း ပြင်ဆင်ပြီးဖြစ်ကြောင်းကို အစိုးရသတင်းဌာနများက ဖြေရှင်းထားသည်ဟု ဆိုသည်။ ပြည်တွင်းရှိ အတိုက်အခံများကမူ ကန့်ကွက်မဲ ပေးသည့် လှုပ်ရှားမှုဖြင့် တုန့်ပြန်မည်ဟု အတိအလင်းဆိုထားပြီး စစ်အစိုးရက ဆန္ဒမဲလက်မှတ်များကို လိမ်ညာခြင်း မပြုနိုင်ရန် ပြည်တွင်းပြည်ပက ၀ိုင်းဝန်းစောင့်ကြပ် သတင်းပို့ကြရန် တောင်းဆိုထားသည်။

အောက်ဖော်ပြပါ သာသနမောဠိ ဖိတ်ကြားလွှာများကို ဖတ်ရှုနိုင်ပါသည်။


No comments: