Monday, April 14, 2008

The Voice of Burmese Monks on Saffron Revolution - The Witness Voice


ရွှေဝါရောင် တော်လှန်ရေးက သံဃာတော်တွေရဲ့ အသံ
(ဦးဃောသိတ နဲ့ ဦးပညာသီရိ)ံ

မိုးမခ အထောက်တော် ၀၀၁

ဧပြီ ၁၀၊ ၂၀၀၈

၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေ စတင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း တိဗက်ဘုန်းတော်ကြီးတွေရဲ့ လှုပ်ရှားမှုက ထပ်ချပ်မကွာ လိုက်ပါလို့လာပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအပါအ၀င် နိုင်ငံတကာက ပြည်သူလူထုကြီးတရပ်လုံးက လက်နက်မဲ့တဲ့ ရဟန်းသံဃာတွေဟာ စစ်အစိုးရတွေ အာဏာရှင်တွေရဲ့ နင်းချေမှုအောက်ကနေ ဘယ်လို ကြံ့ကြံ့ခံရပ်တည်ပြီး သူတို့ရဲ့ သာသနာကို စောင့်ရှောက်ခဲ့ကြသလဲ၊ စွန့်လွှတ်အနစ်နာခံခဲ့ကြသလဲဆိုတာကို ပကတိ သိမြင်လိုကြတာကို တွေ့ရပါတယ်။

ခရစ်ယာန်တွေမှာ ယေရှုနဲ့ပတ်သက်ပြီး ပြောစရာ၊ သူတို့ သူတော်စင်တွေနဲ့ ပတ်သက်ပြီး ပြောစရာ မှတ်တမ်းတွေ၊ ပွဲလမ်းတွေ၊ အောက်မေ့ဆုတောင်းစရာတွေ အများကြီး ဖြစ်တဲ့အကြောင်း မိတ်ဆွေတဦးက ပြောပြပါတယ်။ ကိုးကွယ်ရာ ဘာသာအသီးသီးမှာ ဟိုးတုန်းက အတိတ်မှာ စတေးခဲ့ စွန့်လွှတ်ခဲ့ပြီး သာသနာကို စောင့်ရှောက်ရပုံတွေဟာ သမိုင်းဖြစ်ကျန်ရစ်ခဲ့ပေမယ့် ယခု မြန်မာပြည်နဲ့ တိဗက်ပြည်က ရဟန်းတော်တွေ အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်နေရတဲ့ ဖြစ်ရပ်တွေကတော့ မျက်မှောက် သတင်းအဖြစ် ပရိသတ်ကြားထဲ လှည့်လည်ဆဲဖြစ်ပါတယ်။ မကြာခင်မှာတော့ သမိုင်းမှတ်တမ်းအဖြစ် တွင်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။

ဓာတ်ပုံတွေက ပြောတဲ့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး သွေးစွန်းမှုများ၊ လေလှိုင်းကနေ ပြောတဲ့ သံဃာတော်တွေရဲ့ စွန့်လွှတ်စွန့်စားမှုများကို ပြည်သူတွေက အမှတ်တရ ရှိနေကြသေးပေမယ့် တကယ်တမ်းမှာတော့ မျက်မြင်ကိုယ်တွေ့ ရှင်သန်ဖြတ်သန်းလာခဲ့ရသူ ကိုယ်တော်တွေမှာ ဘယ်လိုမျိုး ပကတိ ခံစားချက်တွေနဲ့ နေရှာလိမ့်မလဲလို့ စိတ်ဝယ် မျှော်မှန်း တွေးကြည့်ချင်စရာဖြစ်ပါတယ်။

သံဃာ့တပ်ပေါင်းစုကို ဦးဆောင်ခဲ့တဲ့ အရှင်ဂမ္ဘီရ ကို ယခုအချိန်မှာ စစ်အစိုးရက မရအရ ဖမ်းဆီးပြီး လူဝတ်လဲလို့ အကျဉ်းထောင်ထဲ ပို့ဆောင်ခဲ့ပြီ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဓာတ်ပုံကို ပရိသတ်က ဖူးတွေ့ရတဲ့အခါမှာ၊ မယ်တော်ကြီးဖြစ်သူက သူ့ရဲ့ သားရဟန်းတော်အတွက် အားတင်းဂုဏ်ယူစွာ ပြောပြနေတဲ့ အသံကြားရတဲ့အခါမှာ ပရိသတ်ဟာ စိတ်ဝယ်မျှော်မှန်းလို့ အဲဒီ သမိုင်းကို သိမ်းဆည်းယူရပါတော့တယ်။ ထို့အတူ ငွေကြာယံ စာသင်ကျောင်းတိုက်၊ မဂ္ဂင် စာသင်ကျောင်းတိုက်တို့ အစီးနင်းခံရပြီးနောက် သံဃာမဲ့တဲ့ ကျောင်းတံခါး ဓာတ်ပုံကြီးကိုသာ ကြည့်ပြီးတော့သာ အဲသည်က သမိုင်းဝင်တဲ့ ဖြစ်ရပ်များကို မှန်းဆလို့သာ နားလည်ယူရပါတော့တယ်။

အခု နယ်စပ်ကို တိမ်းရှောင်ရောက်ရှိလာတဲ့ ရွှေဝါရောင်တော်လှန်ရေးက သံဃာတော်တွေထဲက အမေရိကန်နိုင်ငံသို့ ရွှေ့ပြောင်းသီတင်းသုံးခွင့် ရရှိလာတဲ့ သံဃာတော် ၄ ပါးအနက် (ဦးကောဝိဒ၊ ဦးပညာဝံသ၊ ဦးဃောသိတ နဲ့ ဦးပညာသီရိ) တို့အနက် ရဟန်းတော် ၂ ပါး ဖြစ်တဲ့ ဦးဃောသိတနဲ့ ဦးပညာသီရိတို့က အမေရိကန်လွှတ်တော် လူ့အခွင့်အရေး ကော်မီတီကိုယ်စားလှယ်များရှေ့မှာ သူတို့ မျက်မြင်ကြုံတွေ့ ဖြတ်သန်းခဲ့သမျှကို ဖော်ထုတ်မိန့်ကြားမယ်လို့ သိရှိရတဲ့အခါမှာ ရေဒီယိုတွေ သတင်းတွေက ပြောတဲ့ အချက်အလက်တွေနဲ့ သူတို့တွေရဲ့ ပကတိအဖြစ်တွေ ပြီးတော့ ပရိသတ် အမှတ်ရမိနေတဲ့ အကြောင်းအရာတွေဟာ ဘယ်လိုမျိုး မှတ်တမ်းတင် မော်ကွန်းဝင် ထင်ရှား ကျန်ရစ်တော့မယ် ဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတော့တယ်။

မိုးမခ အနေနဲ့ လက်ခံရရှိတဲ့ သူတို့ ဖော်ထုတ်မိန့်ကြားချက်တွေထဲက အမှတ်တရ အချက်အလက်များကို ကောက်နုတ်ပြီး ဖော်ပြလိုက်ချင်ပါတယ်။

ဦးဃောသိတ

၁၉၈၀ မတ်လ၊ ပဲခူးတိုင်း ကျေးရွာလေး တရွာမှာ မွေးပါတယ်။ အသက် ၁၂ နှစ်ကတည်းက သာသနာ့ဘောင်ဝင်ခဲ့တာ ဖြစ်ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးမှာ ထင်ရှားတဲ့ မဂ္ဂင်ကျောင်းတိုက်မှာ စာသင်သား တဦး ဖြစ်ပါတယ်။ လူအခွင့်အရေး၊ သာရေး နာရေး လူမှုရေး စောင့်ရှောက်မှုတွေ၊ HIV/AIDS စောင့်ရှောက်မှုတွေကြောင့် လူထုကြားမှာ ထင်ရှားပြီး စစ်အစိုးရ မျက်မုန်းကျိုးတဲ့ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးတဲ့ ကိုယ်တော် ဖြစ်ပါတယ်။

၂၀၀၇ စက်တင်ဘာ ၅ မှာ ပခုက္ကူသံဃာတော်တွေကို စစ်တပ်က အကြမ်းဖက်တိုက်ခိုက်လို့၊ စက်တင်ဘာ ၉ ရက်မှာ အမျိုး ဘာသာ သာသနာကို ကာကွယ်ကြရန် သံဃာတပ်ပေါင်းစုကြီး ထူထောင်ကြတဲ့အခါမှာ ဦးဆောင် သံဃာတော် ၆ ပါးမှာ တဦး အပါအ၀င် ဖြစ်ပါတယ်။ သပိတ်မှောက်ကံဆောင်ရန် ဆုံးဖြတ်ကြပြီး စည်းရုံးပြင်ဆင်ခဲ့ကြသူ သံဃာတော် တဦး ဖြစ်ပါတယ်။

သတ်မှတ်ထားသော စက်တင်ဘာ ၁၈ မှာ ကျိုက္ကဆံဘုရားဝင်း ရဟန္တာသိမ်တော်ကြီးမှာ သပိတ်မှောက်ကံဆောင်ရန် ကြိုးစားခဲ့ကြပေမယ့် စစ်တပ်က နှောက်ယှက်လို့ ကျောက်စာတော် ဘုရားမှာ သံဃာတော် ၄၇ ပါးနဲ့ သပိတ်မှောက်ကံဆောင် ကမ္မ၀ါ ရွတ်ဖတ်နိုင်ခဲ့ကြပါတယ်။

ထိုရက်များနောက်ပိုင်း ရန်ကုန်မြို့ ဆူးလေနှင့် ရွှေတိဂုံဘုရားများသို့ နေ့စဉ် ရက်ဆက် မေတ္တာပို့ ချီတက်ပွဲများ ပြုလုပ်ပြီး စစ်အစိုးရက သံဃာတော်များအပေါ် ကျူးလွန်တဲ့ အပြစ်များကို ၀န်ချတောင်းပန်ရန်၊ မြန်မာပြည်ရင်ဆိုင်နေရတဲ့ အထွေထွေအကြပ်အတည်းများကို ဖြေရှင်းရန်အတွက် အတိုက်အခံများနှင့် ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးရန် စသည်တို့ကို တောင်းဆိုခဲ့ကြပါတယ်။ စက်တင်ဘာ ၂၄ မှာတော့ ပြည်သူတွေက ချီတက်နေသော သပိတ်မှောက် သံဃာတော်တွေနဲ့ လာရောက် ပူးပေါင်းပါတော့တယ်။

၂၀၀၇ စက်တင်ဘာ ၂၆ မှာတော့ စစ်အစိုးရက ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွဲပါတော့တယ်။ မဂ္ဂင်ကျောင်းကို ထိုနေ့မှာ ၀င်ရောက်စီးနင်းချိန်၊ ဦးဃောသိတမှာ ကျောင်းပြင်ပသို့ ရောက်ရှိနေ၍ လွတ်မြောက်သွားပါတယ်။ မဂ္ဂင်ကျောင်းကို အောက်တိုဘာ ၃ တွင် ဒုတိယအကြိမ် စီးနင်းပါသေးတယ်။ ၂၀၀၇၊ နိုဝင်ဘာ ၂၉ မှာတော့ စစ်အစိုးရက ကျောင်းကို ချိတ်ပိတ်သိမ်းယူလိုက်ပြီး ကျန်ရှိနေသော သံဃာများနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ လူနာများကို နှင်ထုတ်လိုက်ပါတယ်။ ဒီမှာတင် သာသနာရေးအပြင် လူမှုရေး စောင့်ရှောက်မှုမှာ တက်ကြွတဲ့ မြန်မာဘုန်းတော်ကြီးကျောင်း တကျောင်း နိဂုံးချုပ်သွားရတာပဲ ဖြစ်ပါတယ်။

၂၀၀၇ ဒီဇင်ဘာ ၅ မှာ အဆင့်ဆင့် တိမ်းရှောင်ရင်းနှင့် ထိုင်း မြန်မာ နယ်စပ်ကို ရောက်ရှိလာပါတယ်။ ၂၀၀၈ မတ် ၁၁ မှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ရွှေ့ပြောင်း သီတင်းသုံးပါတယ်။ သူတို့ဥပဒေအရတော့ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့နေချထားခြင်း ခံရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုရဲ့ အဖွဲ့ဝင်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

၂၀၀၈ ဧပြီလ ၁၀ ရက် ၀န်းကျင်မှာ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်လူ့အခွင့်အရေး ကော်မီတီမှာ ၎င်းရဲ့ အတွေ့အကြုံများကို တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှု၊ စစ်တပ်အသိုင်းအ၀ိုင်းကို ငွေကြေးရင်းနှီးမှုများ ပိတ်ဆို့အရေးယူမှု၊ လုံခြုံရေးကောင်စီက မြန်မာအရေးကို ပြတ်ပြတ်သားသား အရေးယူမှုနဲ့ တရုတ် ရုရှားတို့ကို ဖြောင့်ဖြပြီးတော့ အမေရိကန်က ဆောင်ရွက်ပေးနိုင်ဖို့တွေကို တိုက်တွန်းချင်တယ်လို့ သိရပါတယ်။

ဦးပညာသီရိ

၁၉၇၉ အောက်တိုဘာမှာ ပဲခူးတိုင်း ဝေါမြို့နယ်မှာ မွေးဖွားပါတယ်။ အသက် ၂၀ မှာ သာသနာ့ဘောင်ဝင်ပါတယ်။ ရန်ကုန်မြို့ သာကေတမြို့နယ်က စာသင်တိုက်တတိုက်မှာ စာသင်သားတဦး အဖြစ် သီတင်းသုံးပါတယ်။

၂၀၀၇ သြဂုတ်လ လောင်စာဆီအရေးအခင်းမှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ အကြမ်းဖက်ခံရတာတွေကို မျက်မြင်ကြုံတွေ့ရခြင်း၊ ၂၀၀၇ စက်တင်ဘာ ၅ ပခုက္ကူ သံဃာတော်များ အကြမ်းဖက် ခံရခြင်းတို့ကို ကြားသိရခြင်းတို့ကြောင့် စက်တင်ဘာ ၂၂ ကစတင်ပြီး သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့ လမ်းလျှောက်မေတ္တာသုတ်ရွတ်ဆိုပွဲတွေမှာ ပါဝင်လာတာ ဖြစ်ပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၆ ရက် စစ်တပ်က ရွှေတိဂုံဘုရား အရှေ့မုဒ်မှာ လက်နက်မဲ့သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွဲဖမ်းဆီးချိန်မှာ မျက်မြင်သက်သေတဦးလည်း ဖြစ်ပါတယ်။ အဲဒ်ီကနေပြီး ဆူးလေကို ပြန်လည် လူစု ချီတက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၇ မှာ ဦးပညာသီရိနဲ့ အခြား သံဃာတော် ၅ ပါးတို့ ဦးဆောင်ပြီး သံဃာတော် ၁ သောင်း၊ လူထုပရိသတ် ၁ သိန်းကို စည်းရုးံလို့ ဆူးလေစေတီတော်အထိ ငြိမ်းချမ်းရေး ချီတက်ပွဲကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီမှာ ဂျပန်လူမျိုး သတင်းထောက် ခန်းဂျိနာဂအီ သေနတ်မှန် သေဆုံးတာ၊ ဆန္ဒပြသူ တဦး ကျဆုံးတာ၊ မိတ်ဆွေ ရဟန်းတော် တပါး လက်မောင်းမှာ ဒဏ်ရ ရတာတွေကို မျက်မြင် ကြုံတွေ့ခဲ့ပါတယ်။

၂၀၀၇ စက်တင်ဘာ ၂၇ မှာ သာကေတမြို့နယ်က ဘုန်းကြီးကျောင်းတွေကို စစ်တပ်က စီးနင်းဖို့ ကြိုးစားပေမယ့် မြို့နယ်က ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ ကာကွယ်စောင့်ရှောက်ကြလို့ သံဃာတော်တွေဟာ ၂၆ ရက်နေ့က တောင်ဥက္ကလာက ငွေကြာယံနဲ့ မိုးကောင်း ကျောင်းများ၊ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းတိုက်များကို စစ်တပ်က အကြမ်းဖက်ခဲ့စဉ်ကလို ထိခိုက်ပျက်စီးခြင်းနဲ့ ကင်းခဲ့ရပါတယ်။ စက်တင်ဘာ ၃၀ မှာတော့ ဦးပညာသီရိက ရန်ကုန်မြို့မှ တိမ်းရှောင်ခဲ့ရပါတယ်။

စက်တင်ဘာ ၂၇ မှာ အဖမ်းဆီးခံရပြီး အောက်တိုဘာ ၈ ရက်မှာ ပြန်လွတ်လာတဲ့ မိတ်ဆွေ သံဃာတော်တဦးရဲ့အဆိုအရ အကျဉ်းစခမ်းများမှာ သံဃာတွေကို လူဝတ်လဲပြီး ရိုက်နှက် စစ်ဆေးကြောင်း၊ ဓာတ်ပုံများတွင် ပါဝင်တဲ့ သံဃာတော်များကို ထုတ်ဖော်ခိုင်းကြောင်း သိရှိရပါတယ်။ သူရဲ့ ဓာတ်ပုံ စစ်တပ်လက်ထဲမှာ ရှိနေတာကို သိရလို့ နယ်စပ်အထိ တိမ်းရှောင်ခဲ့ရာမှာ ၂၀၀၇ နိုဝင်ဘာ ၇ ရက်မှာ ထိုင်း မြန်မာ နယ်စပ်ကို ရောက်ရှိခဲ့ပါတယ်။

၂၀၀၈ မတ်လ ၁၁ ရက်နေ့မှာတော့ အမေရိကန်ပြည်ထောင်စု ပြည်သူတို့ရဲ့ အကူအညီနဲ့ (အစိုးရက ဆောင်ရွက်ပေးတာ ဆိုပေမယ့်၊ ပြည်သူတွေနဲ့ ဖွဲ့စည်းတဲ့ အစိုးရဆိုတော့၊ အမေရိကန်ပြည်သူတွေက ၀ိုင်းဝန်းကြတာလို့ ဆိုချင်ပါတယ်)။ ပြောင်းရွှေ့ခိုလှုံခွင့်ရပါတယ်။

ဦးဃောသိတနဲ့အတူ အမေရိကန်ပြည်ထောင်စုရဲ့ လွှတ်တော်လူ့အခွင့်အရေး ကော်မီတီမှာ ၎င်းရဲ့ အတွေ့အကြုံများကို တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်အစိုးရရဲ့ အကြမ်းဖက်မှုများလူသတ်မှုများ ရပ်တန့်နိုင်ဖို့အတွက် ငြိမ်းချမ်းသော တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေး အကျဉ်းသားများ လုံးဝလွတ်မြောက်ရေး နဲ့ ကုလလုံခြုံရေး ကောင်စီက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးစေချင်တယ်လို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

သမိုင်းထဲမှာ ကမ္ဘာကြီးလုံးတယ်လို့ ပြောမိတာနဲ့ အသတ်ခံရတဲ့ ပညာရှင်ကို အခုတော့ လူတိုင်းက အသိအမှတ်ပြုရ၊ ကျေးဇူးတင်နေရပါပြီ။ အမျိုး ဘာသာ သာသနာအတွက် မိဘ မောင်ဘွားတွေ စည်းစိမ်တွေ စွန့်ရ ပြီးတော့ အသက်တွေစွန့်ခဲ့ကြရလို့ နောင်လာ နောက်သားတွေမှာ ဂုဏ်ယူစရာ မော်ကွန်းတွေ ရှင်သန် ကျန်ရစ်ရပါတယ်။ အခုအချိန်မှာလည်း သမိုင်းတွင် မ၀င်သေးပေမယ့် ယခုလက်တွေ့ သက်ရှိ ရာဇ၀င်တွေက မိမိတို့ ရှေ့မှောက်မှာ အရှင်လတ်လတ်ကြီး အသက်တွေရှု၊ ရင်တွေ ခုန်ပြီး တရားမျှတမှုနဲ့ အမှန်တရားအတွက် စွန့်လွှတ်စွန့်စားခဲ့ရတာတွေကို ကမ္ဘာကြီးကို သက်သေပြုလို့၊ ဒီ သုန္ဒရီမြေကြီးကို သက်သေပြုလို့ ရေးထိုးနေကြတာ တွေ့နေရပါတယ်။

ကျနော်တို့ မိုးမခ ကလည်း အဲသည် ရွှေဝါရောင် တော်လှန်ရေးက ပေါ်ထွက်လာတဲ့ အမျိုး ဘာာသာ သာသနာကို စောင့်ရှောက်တဲ့ စွန့်စားတဲ့ သံဃာတော်တွေရဲ့ အသံကို ထုတ်ဖော်ပြီး စာဖတ်သူတွေဆီအရောက် အမှတ်တရ သိမ်းဆည်း လက်ဆင့်ကမ်းဖို့ ပေးလိုက်ချင်တာပါပဲ။

No comments: