Wednesday, April 2, 2008

U Kovida urged the Burmese community for resolute unity to fight against the Burmese junta - Maung Swan Yi

သာသနဥသျှောင် ပဓာနာစေရဆရာတော် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ သြ၀ါဒ
ကံကြီးထိုက်မယ့်သူများနဲ့ နိုင်ငံရေးသမား ညီညွတ်ရေးသို့

မောင်စွမ်းရည်

မတ် ၃၀၊ ၂၀၀၈

၁။ စစ်အစိုးရကိုထောက်ခံရင် ကံကြီးထိုက်မယ်

၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြစမ်းပါ

ဗမာနိုင်ငံ ရှစ်လေးလုံး နိုင်ငံရေးအုံကြွမှုကာလအတွင်းက ကျောင်းသားဖုန်းမော် ကျဆုံးခဲ့တဲ့နေ့ကို ဗမာ့နိုင်ငံရေးအဖွဲ့အစည်းများနဲ့ ကျောင်းသားအဖွဲ့အစည်းအားလုံးက ဗမာနိုင်ငံလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

နယူးယောက်မြို့မှာ မတ်၁၅ရက်နေ့၊ စနေနေ့က ကုလသမဂ္ဂပလာဇာ ဒုတိယထပ်မှာ ဗမာနိုင်ငံလူအခွင့်ရေးအထိမ်းအမှတ်နေ့ကို ကျင်းပပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲကို နှစ်ပိုင်းခွဲပြီးကျင်းပရာ ပထမပိုင်းမှာ နယူးယောက် ဗမာလူငယ်များဦးစီးပြီး ဒုတိယပိုင်းကို သာသနာမောဠိအဖွဲ့က ဦးစီးကျင်းပခဲ့ပါတယ်။ ပထမပိုင်းမှာ မန္တလေးတက္ကသိုလ်၊ သမိုင်းဆရာဟောင်း ဦးအောင်ခန့်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဒုတိယပိုင်းမှာ ဦးစန္ဒာဘာသ(ဘက်ဖဲလို)က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပါတယ်။

ပထမပိုင်းအခမ်းအနားမှာ ကဗျာဆရာဦးစွမ်းရည်က ဖုန်းမော်ကဗျာရွတ်ဆိုဖွင့်လှစ်ပြီးနောက် အမေရိကန်ပြည်ထောင်စု အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဥက္ကဋ္ဌဦးအောင်စောဦးက “ဗမာ့စစ်တပ်ရဲ့ လူသတ်မှုသမိုင်းကြောင်း”ကို သုတေသနပြုလုပ်ထုတ်ဖော်ဟောကြားပါတယ်။

ဆက်လက်ပြီး ရှစ်လးလုံးကာလ၊ လူ့ဘောင်သစ်အဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်နဲ့ ရှစ်လေးလုံးကျောင်းသားခေါင်းဆောင်ဟောင်းများဖြစ်ကြတဲ့ ကိုရင်အေး၊ ကိုအောင်ကျော်မြင့်၊ ကိုဇော်ဝင်းစသူတို့က ဖုန်းမော်ကျဆုံးစဉ်က အတွေ့အကြုံများကို ပြန်လည်တင်ပြကြပါတယ်။

ဒုတိယပိုင်းမှာ သာသနာမောဠိအဖွဲ့၊ ပဓာန နယကဆရာတော်ကြီးဖြစ်တဲ့ မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒနဲ့ ဒုတိယဥက္ကဋ္ဌ ဦးဝိလာသတို့က သြ၀ါဒစကားများပြောကြားသွားကြပါတယ်။

ဆရာတော်ကြီးဦးကောဝိဒက မိမိအနေနဲ့ ရှစ်လေးလုံးကာလတုန်းက ပြည်သူလူထုနဲ့တကွ သံဃာတော်တွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်အစိုးရကို ကြည့်နေလို့ မဖြစ်တော့လို့ သံဃာတော်များမှာရှိတဲ့ တခုတည်းသာပိုင်ဆိုင်တဲ့ သပိတ်ကိုအသုံးပြုပြီး ပတ္တနိက္ကုဇ္ဇနခေါ်သပိတ်မှောက်ကံဆောင်မှုကို ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

ဦးသုမင်္ဂလစတဲ့ တိပိဋိက ဓမ္မဓရ ဆရာတော်ကြီးများလဲ ပါဝင်ခဲ့ပါတယ်။ မိမိမှာ မန္တလေး မစိုးရိမ်တိုက်ဟောင်း၊ တိုက်သစ်နှစ်ကျောင်းနဲ့ ရန်ကုန်မှာပါစာချခဲ့ရာမှာ ဗမာပြည်အနှံ့အပြားမှာ တပည့်သံဃာပေါင်း ၆၀၀၀ ကျော်ရှိခဲ့လို့ သူတို့လဲပါဝင်ဦးဆောင်ပြီး သပိတ်မှောက်ကြပါတယ်။

ဒါကြောင့် မိမိနဲ့တကွ သံဃာတော်များစွာ ဖမ်းဆီးနှိပ်စက်ခံကြရပြီး တချို့ပျံလွန်ခဲ့ရပါတယ်။ မိမိမှာ ၇ နှစ်မျှအကျဉ်းချခံရပြီး လွတ်တဲ့အခါ အမေရိကန်ပြည်ထောင်စုကို ထွက်ခဲ့ပါတယ်။

နောက်အခါ ပြည်တွင်းမှ သံဃာတော်များချည်း စုပေါင်း ချီတက်ရင်း မေတ္တာသုတ်ရွတ်ဆို ဆန္ဒပြကြတာကို သေနတ်နဲ့ ပစ်ပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြန်ပါတယ်။ ဒါ့ကြောင့် မနေသာလို့ ပြည်ပကနေ သာသနာ့မောဠိအဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းပြီး စစ်အစိုးရမပြုတ်မချင်း သံဃာများက တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်သွားဖို့ ဆောင်ရွက်နေပါတယ်။

သံဃာတော်များ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရပုံတွေကို သမိုင်းပြုစုထားဖို့လိုပါတယ်။

ရှေးခေတ်ကဗမာရေးမှာ မင်းဆိုးမင်းညစ် ရှမ်းသိုးဟန်ဘွားက သတ်ဖြတ်ခဲ့လို့ ဂငယ်သုံးခု ဥသျစ် ဆိုပြီး သမိုင်းတွင်ခဲ့ပါတယ်။ ၈၈၈ (ရှစ်ရာရှစ်ဆယ့်ရှစ်) ခုနှစ်မှာ ဖြစ်ပွားခဲ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။ (ရှမ်းသိုဟန်ဘွားကို ဘုရင့်နောင်က မင်းဆိုးမင်းညစ်အဖြစ်တော်လှန်ခဲ့ပါတယ်။ ရှမ်းဗမာလူမျိုးရေးကိစ္စမဟုတ်ပါ။ ဘုရင့်နောင်ကပဲ ရှမ်းလူမျိုးကုန်းဘောင်စော်ဘွားကို ပြန်လည် နန်းတင်ခဲ့တာကို သတိပြုမှတ်သားရပါမယ်။)

ဆရာတော်ကြီးက မိမိကိုယ်တိုင် ငွေကုန်ကြေးကျခံပြီး သံဃာ့အရေးတော်ပုံဓာတ်ပုံများ၊ အမျိုးမျိုးပါရှိတဲ့ ရုပ်ပုံကတ်ပြား ၄-၅ မျိုးရိုက်နှိပ်ဖြန့်ဝေစေချင်ကြောင်း၊ ပြည်တွင်းမှာလဲ မသိလိုက်ကြသူများ အနှံ့အပြားသိကြရအောင် ပေးပို့ဖြန့်ဝေချင်လို့ ကူညီကြဖို့အကြောင်းကိုလဲ မိန့်ကြားသွားပါတယ်။

၁၃၀၀ပြည့်အရေးတော်ပုံကာလ ဘုန်းကြီး သတ္တမတန်းကျောင်းသားဘ၀မှာ မန္တလေး ၂၆ ဘီလမ်းပေါ်မှာ အင်္ဂလိပ်အစိုးရက သေနတ်နဲ့ ပစ်ခတ်နှိမ်နှင်းလို့ သံဃာတော် ၇ ပါးပျံလွန်တော်မူခဲ့ပါတယ်။ အဲဒါလဲသမိုင်းရှိပြိး မန္တလေး-စစ်ကိုင်းသွားကားလမ်း၊ အမရပူရမြို့မရောက်ခင် နေရာမှာ ရဟန်းအာဇာနည်အုတ်ဂူများ တည်ဆောက်ထားရှိပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အဦးကို စစ်တပ်အာဏာပိုင်များက ဗုံးခွဲဖြိုဖျက်ခဲ့တဲ့ ၇-ရက်ဇူလိုင်သမိုင်း၊ အလုပ်သမားလှုပ်ရှားမှုသမိုင်း၊ ရှစ်လေးလုံးသမိုင်းစတဲ့ သမိုင်းဝင်အရေးတော်ပုံတွေကို မော်ကွန်းထိုးထားကြသလို သံဃာအရေးတော်ပုံကြီးကိုလဲ မော်ကွန်းထိုးကြရပါမယ် - စသည်ဖြင့်လဲ ဟောကြားသွားပါတယ်။

ဆရာတော်ကြီးအနေနဲ့ ပြည်သူလူထုတရပ်လုံးကို ဦးတည်ပြီး သြ၀ါဒပေးသွားတဲ့အဓိက အချက်နှစ်ချက်ရှိပါတယ်။

ပထမအချက်က နိုင်ငံရေးသမားများ ညီညွှတ်ရေးပဲ ဖြစ်ပါတယ်။

ဘုန်းကြီးအနေနဲ့ နိုင်ငံရေးကို မသိဘူး၊ ဒါပေမဲ့ ရှစ်လေးလုံးကာလကတည်းက မတရားတာတွေမြင်လို့ ထပြီး ဦးဆောင်ခဲ့တယ်။ သပိတ်မှောက်ခဲ့တယ်။ ခုပြည်ပရောက်လာတော့လဲ နိုင်ငံရေးနဲ့ ကင်းကင်းပဲ နေခဲ့တယ်။ ခုအခါ နိုင်ငံရေးသမားတွေနဲ့မလွှဲမရှောင်သာ တွေ့ဆုံရတော့ တယောက်နဲ့တယောက်၊ တဖွဲ့နဲ့တဖွဲ့၊ ပုတ်ခတ်တိုက်ခိုက်နေတာနဲ့ အချိန်ကုန်နေကြလို့ သိပ်စိတ်ပျက်မိတယ်။ စစ်အာဏာရှင်ကို မတိုက်နိုင်ဘဲ ကိုယ့်အချင်းချင်းတိုက်နေကြတယ်။ ဒါကြောင့် ခုအခါ ညီညွှတ်ကြစမ်းပါလို့ ပြောချင်တယ်။ ဟန်ဆောင်ဖြစ်ဖြစ်ညီညွှတ်ကြစမ်းပါလို့ သြ၀ါဒပေးသွားပါတယ်။

ဒုတိယအချက်ကတော့ ခုအခါ ပြည်ပရောက်ဗမာများကို မဲပေးဖို့ စစ်အစိုးရက စာတွေပို့နေတယ်။ တချို့ဒကာ-ဒကာမတွေကလဲ ဗမာပြည်ကို မပြန်ရမှာစိုးလို့ မဲပေးဖို့ နန့်နန့်တက်နေကြတယ်။ ဘုန်းကြီးလဲ ပြန်ချင်ပါတယ်။ ဒါပေမယ့် အောင့်ထားတယ်။ စစ်အစိုးရကို မဲပေးထောက်ခံသူတွေဟာ စစ်အစိုးရနဲ့ကြံရာပါတွေ ဖြစ်သွားပါလိမ့်မယ်။

သံဃာတွေက စစ်အစိုးရကို သပိတ်မှောက်ထားတာ ခုထက်ထိ မလှန်သေးဘူး။ သပိတ်မှောက်တယ်လို့ တင်စားပြောတာ။ ဟိုဘက်အိမ်က ဆူနေတယ်လို့ ပြောတာဟာ အိမ်ကြီးကဆူတာ မဟုတ်ဘူး။ အဲဒီအိမ်ထဲကလူတွေ ဆူနေတာကို ဥပမာနည်းနဲ့ တင်စားပြောတာ။ ဘုန်းကြီးများသပိတ်မှောက်တယ်ဆိုတာ စစ်အစိုးရကို "သာရေး နာရေးကအစလုံးဝမဆက်ဆံဘူး" လို့ ကြေငြာတာ။

သံဃာသပိတ်မှောက်ခံရသူများဟာ ကံကြီးထိုက်တတ်တယ်။ သူတို့လဲ အလွန်ဆုံးနှစ်လအတွင်းမှာပဲ ကံကြီးထိုက်လိမ့်မယ်။ သူတို့ကို မဲမပေးကြနဲ့လို့ ဘုန်းကြီးတို့က မပြောကောင်းဘူး။ ၀ိနည်းနဲ့ ထောက်နိုင်တယ်။ ပေးချင်ပေးကြ။ ပေးသူတွေဟာ သူတို့ကို ထောက်ခံ အားပေးရာကျလို့ သူတို့နဲ့အတူကံကြီးထိုက်လိမ့်မယ်လို့ သတိပေးလိုက်တယ်။

ဗမာပြည်ကိုလဲ လှမ်းပြီး အော်ပြောလိုက်မယ်။ စစ်အစိုးရကို အားပေးထောက်ခံသူတွေ ကံကြီးထိုက်မယ်။ သတိထားလို့။ ဒါကြောင့် ပြည်ပက ဒကာ ဒကာမတွေလဲ နန့်နန့်တက် မနေကြနဲ့။ ဘုန်းကြီးတို့လည်း တောင့်ထားမယ်။ ဒကာ ဒကာမတွေလဲ ခဏအောင့်ထားလိုက်ကြ။ ကံကြီးထိုက် မခံကြရစေနဲ့ လို့ သတိပေးလိုက်ပါတယ်။

စသဖြင့် သြ၀ါဒပေးသွားပါတယ်။

ဆရာတော်ကြီး သြ၀ါဒပေးပြီးတဲ့နောက် ဒုတိယဥက္ကဌ ဦးဝိလာသနဲ့ ရဟန်းပျိုသမဂ္ဂဦးအဂ္ဂဓမ္မတို့က သြ၀ါဒများနဲ့ အတွေ့အကြုံများကို မိန့်ကြားတင်ပြပြီးနောက် ဦးဇင်း ဦးခေမိဿရ ဦးဆောင်ပြီး သံဃာများနဲ့ သံဃသြ၀ါဒလာရောက်ခံယူကြသူ ဒကာ ဒကာမများက သံဃာအရေးတော်ပုံ ပိုစတာများကို ကိုင်၍ဆင်းပြီး နယူးယောက်မြို့လယ်မှာ လမ်းလျောက်ဆန္ဒပြရင်း အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။


၁။ စစ်အစိုးရကို ထောက်ခံသူတွေ ကံကြီးထိုက်မယ်။

၂။ နိုင်ငံရေးသမားတွေ ဟန်ဆောင်လေးဖြစ်ဖြစ် ညီညွှတ်ကြပါ။

ဦးကောဝါဒ (မစိုးရိမ်ဆရာတော်ကြီး)
သာသနာ့မောဠိအဖွဲ့၊ ပဓာန နယကဆရာတော်


ဆရာတော်ကြီးရဲ့မိန့်ခွန်း မှတ်တမ်းတင်သူ
မောင်စွမ်းရည်
၁၆ မတ် ၂၀၀၈
နယူးယောက်

No comments: