Wednesday, April 30, 2008

Memorial Service for Sayadaw U Kovida Encouraged inside & outside Burma this weekend by Sasana Moli

ပျံလွန်တော်မူသည့် သာသနမောဠိ ပဓာနစေရ၊ မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ၏ ဂုဏ်ရည်တို့ကို ရည်မှန်းပူဇော်သည့် ကုသိုလ်ပြုပွဲများ ဆောင်ရွက်ကြပါရန် ရပ်နီး ရပ်ဝေးက တကာ၊ တကာမများကို သာသနမောဠိ အဖွဲ့ချုပ် ပြန်ကြားရေးက မေတ္တာရပ်ခံချက် ထုတ်ပြန်
မိုးမခ အထောက်တော် ၀၀၂
ဧပြီ ၃၀၊ ၂၀၀၈
ဧပြီလ ၂၉ ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူသည့် ဆရာတော်ဘုရားကြီး ဦးကောဝိဒဘိဝံသကို ရည်မှန်းပူဇော်သည့် ကုသိုလ်ပြုပွဲများကို ပြည်တွင်းပြည်ပရှိ ဘုန်းတော်ကြီးကျောင်းများတွင်ဖြစ်စေ၊ စေတီကျောင်းကန်တို့တွင်ဖြစ်စေ ယခုလာမည့် စနေ၊ တနင်္ဂနွေနေ့တို့တွင် ပြုလုပ်ကြပါရန် သာသနမောဠိအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်သည်ကို တွေ့ရပါသည်။

ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန အစီအစဉ်ကို ပြည်တွင်းရှိ တပည့်သံဃာများ၊ တကာ တကာမများမှ အဆင့်ဆင့် မေးမြန်းစုံစမ်းကြကြောင်း၊ ပြည်ပရှိ ရဟန်းရှင်လူတို့ကလည်း ရောက်ရှိရာ နေရာက ကုသိုလ်ယူ ဆောင်ရွက်လိုကြကြောင်း၊ သို့ဖြစ်ပါသဖြင့် ရပ်နီး ရပ်ဝေးက မြန်မာမိသားစုများအနေဖြင့် အနီးရှိ ဘုရားကျောင်းကန်၊ ဆရာသံဃာတို့ထံတွင် ဆရာတော်ကြီးကို ရည်မှန်းပူဇော်သည့် တတ်စွမ်းသော ကုသိုလ်ပြုပွဲများ ဆောင်ရွက်နိုင်ကြရန် မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါကြောင်း တွဲဖက်အတွင်းရေးမှူးဆရာတော် ဦးဂုဏိသရ၊ ပြန်ကြားရေး ဆရာတော်များဖြစ်သည့် ဦးပညာနန္ဒနှင့် ဦးဥာဏိကတို့က မိုးမခသို့ မိန့်ကြားရှင်းလင်းခဲ့ပါသည်။

မိမိတို့ပြုမြဲ ပြုနေကြ ကုသိုလ်အစီအစဉ်တို့တွင်လည်း ဆရာတော်ကြီးကျေးဇူးနှင့် ဂုဏ်တော်တို့ကို ရည်မှန်းပူဇော်သည်တို့ကို တပြိုင်နက်တည်း ထည့်သွင်းဆောင်ရွက်နိုင်ပါကြောင်း ဆရာတော်တို့၏ ကြေညာချက်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ကြေညာချက်ကို သည်မှာ ဖတ်နိုင်ပါပြီ။

No comments: