Sunday, November 18, 2007

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသအား တွေ့ဆုံ လျှောက်ထားခြင်း

ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသအား တွေ့ဆုံ လျှောက်ထားခြင်း
Burma Today
နိုဝင်ဘာ ၁၈၊ ၂၀၀၇

မကြာခင်က ဖွဲ့စည်းလိုက်တဲ့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဋ္ဌဆရာတော် အဖြစ် တာဝန်ယူထားတဲ့ ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသအား ဘားမားတူဒေးအနေနဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းက တွေ့ဆုံ လျှောက်ထားခွင့် ရခဲ့ပါတယ်။ ဆရာတော်ကြီးကသာသနာ့ဥသျှောင်အဖွဲ့ အကြောင်း၊ ပြည်တွင်း ပြည်ပသာသနာပြု နှစ် ၅၀ အတွေ့အကြုံများနဲ့တကွ မြန်မာပြည်နဲ့ မြန်မာပြည်သူများအပေါ် သုံးသပ်ချက် စသည်ဖြင့် ပြည့်ပြည့်စုံစုံ မိန့်ကြားသွားခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ မိန့်ကြားချက်တွေကို ဘားမားတူဒေးအနေနဲ့ အပိုင်းလိုက် ခွဲပြီး ဖော်ပြသွားဖို့ စီစဉ်ထားရာမှာ ပထမအပိုင်းအနေနဲ့ သာသနာ့ဥသျှောင်အဖွဲ့နဲ့ ပတ်သက်တဲ့ ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်များကို အားလုံးအတွက် ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံးအနေနဲ့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (Sasana Moli - International Burmese Monks Organization) ဖွဲ့စည်းရခြင်း အကြောင်းရင်းကို ရှင်းလင်း မိန့်ကြားပေးစေလိုပါတယ် ဘုရာ့။

ဘုန်းကြီးတို့အနေနဲ့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် ဆိုတာက ပြည်တွင်းမှာ ရှိတဲ့ ဆရာတော် သံဃာတော်များနဲ့ ပြည်သူများက ပြည်တွင်းမှာ ဒုက္ခတွေ ရောက်လို့ အားကိုးရာမဲ့ ဖြစ်နေတဲ့အတွက် ပြည်ပမှာရှိတဲ့ သံဃာတော်များအနေနဲ့ အဖွဲ့ကြီးတဖွဲ့ ဖွဲ့စည်းပြီးတော့ သက်ဆိုင်ရာအစိုးရတွေ ဘာသာရေးခေါင်းဆောင်တွေကို တင်ပြပေးပြီးတော့ တပည့်တော်တို့ကို ကူညီပါလို့ တောင်းဆိုတဲ့အတွက် ဘုန်းကြီးတို့ ဖွဲ့စည်းတာပါ။

ပြီးခဲ့တဲ့ လတွေက ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းအခြေအနေနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းရဲ့အမြင်ကို သိပါရစေ ဘုရာ့။

ပြည်တွင်းမှာ ဖြစ်ခဲ့တာကတော့ အားလုံးလည်း သိပြီးတော့ တကမ္ဘာလုံးကလည်း မြင်နေကြတာပဲ လေ။ တပြည်လုံးမှာ ပြည်သူတွေ အခက်အခဲ တွေ့နေကြတာနဲ့ ဆက်နွယ်ပြီး ပခုက္ကူနဲ့ စစ်တွေက သံဃာတော်တွေက မေတ္တာသုတ်ရွတ် ဆုတောင်းသလို ပြည်သူတွေ အခက်အခဲကို ပြေလည်အောင်လုပ်ပေးဖို့ ပြောတယ်။ အဲဒါကို ဖမ်းပြီးတော့ ရိုက်လား ပုတ်လား ဖမ်းလား ချုပ်လား လုပ်တဲ့အတွက် ဘုန်းကြီးတွေက ပတ္တနိက္ကုဇ္ဖနကံ ဆိုတဲ့ သပိတ်မှောက်ကံ ဆောင်တယ်။

အဲဒီလို ကံဆောင်ကြပြီး မေတ္တာသုတ်တွေ ရွတ်ကြတဲ့အခါကျတော့ အာဏာပိုင် အဖွဲ့အစည်းက ဘုန်းကြီးရော လူရော ကျောင်းသားလေးတွေရောကို ပစ်လား ခတ်လား သတ်လား ဖြတ်လား ဖမ်းလား ဆီးလား လုပ်တော့၊ နေ့ရော ညရော ဖမ်းကြ ဆီးကြ၊ နောက်ပြီးတော့ ရဲဘက်စခန်း ပို့ (သီလရှင်တွေလည်း အဲဒီအထဲမှာ ပါတယ်) စတဲ့ သတင်းတွေကို ကြားသိရတဲ့အတွက် ဘုန်းကြီးတို့က ပြည်ပမှာ ရောက်နေကြသူတွေ ပြည်တွင်းမှာ ရှိနေသူတွေနဲ့ အတူတကွ စိတ် မချမ်းမသာ ဖြစ်ပြီးတော့ အခုလို အဖွဲ့တခုကတော့ မဖွဲ့ရင် မဖြစ်တော့ဘူး၊ ပြည်တွင်းကလည်း တောင်းဆိုနေပြီဆိုပြီး ဖွဲ့စည်းလိုက်ရတာပါ။

သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် အနေနဲ့ ရှေ့ဆက်ပြီး ဘာတွေ လုပ်ကိုင်ဖို့ အစီအစဉ် ရှိပါသလဲ ဘုရာ့။

ဘုန်းကြီးတို့မှာ ရည်ရွယ်ချက်တွေ ရှိပါတယ်။ ပြည်တွင်းမှာ အခုလို ဖြစ်နေတာကြောင့် အဲဒီလို ဆိုရင်တော့ မြန်မာပြည်ဆိုပြီးတော့ ကမ္ဘာကြီးမှာ သာသနာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ အင်မတန် ထွန်းကားစည်ပင်တဲ့ တိုင်းပြည်ကြီးအဖြစ် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တဲ့ တိုင်းပြည်ကြီးကို ဒီအတိုင်း ထားရင် သာသနာကြီးတော့ ပျက်တော့မှာပဲ၊ အဲဒီတော့ အထူးသဖြင့် သာသနာအပေါ် ကျရောက်လာမယ့် အန္တရာယ်ကို ကာကွယ်ဖို့ရန်က တစ်နံပါတ် ရည်ရွယ်ချက်။

နောက်တခါ ဖမ်းမယ့် ဆီးမယ့် ရန်တွေက ထွက်ပြေးနေရတဲ့ ရဟန်းသံဃာတွေနဲ့တကွ ပြည်သူပြည်သားတွေက မအိပ်နိုင် မစားနိုင်ဖြစ်နေရ။ အဖမ်းခံရသူတွေကလည်း နှိပ်စက် ညှဉ်းပန်း ခံရပြီးတော့ အကျဉ်းချခံ ရ၊ ရဲဘက်စခန်း ပို့၊ အဲဒီလို ခံကြရတဲ့ အချို့ပုဂ္ဂိုလ်တွေကလည်း ဆေးမကု နိုင်၊ မစားနိုင် မသောက်နိုင်တွေ ဖြစ်နေကြရတော့ အဲဒီအတွက်လည်း ထောက်ပံ့ဖို့ ပါ ပါတယ်။

ဒီလိုဆိုရင် သာသနာကြီး စည်ပင် ပြန့်ပွားမှုက ပျက်စီးသွားတော့မှာပဲဆိုပြီး သာသနာတော် စည်ပင် ပြန့်ပွားရေးလည်း ပါ ပါတယ်။ အဓိကအချက်တွေကတော့ အဲဒါတွေပါပဲ။ နောက် ဒိ့ပြင် အချက်တွေကတော့ အများကြီး ပေါ့ ဗျာ။

တချို့ကလည်းပဲ အခုလို သာသနာ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းလိုက်တာဟာ ပြည်တွင်းက သံဃာ့ မဟာနာယကအဖွဲ့နဲ့ စင်ပြိုင်များ ဖြစ်နေမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ကြားရပါတယ် ဘုရာ့။ အခုလို စိုးရိမ်ပူပန်နေမှုနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအနေနဲ့ ဘယ်လိုများ မိန့်ကြား ချင်ပါသလဲ ဘုရာ့။

သံဃာ့မဟာနာယကအဖွဲ့နဲ့ စင်ပြိုင်များ ဖြစ်နေမလားဆိုတာလည်း ယုံမှားသံသယ ဖြစ်စရာပါပဲ။ သို့သော်လည်း ပြည်တွင်းမှာ ရှိနေတဲ့ သံဃာ့နာယက ကိုယ်တိုင်က ဘာဖြစ်နေသလဲဆိုတော့ (သံဃာ့မဟာနာယက ၄၇ ပါး ရှိတဲ့အထဲမှာ) အဲဒီဆရာတော်တွေကလည်း တကယ် ပြောရင်တော့ စာတတ် ပေတတ် ပုဂ္ဂိုလ်တွေပါ။ စာတတ် ပေတတ်လည်း ဖြစ်တယ်၊ သီလသမာဓိလည်း ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ သို့သော်လည်း သံဃာ့ မဟာနာယကအဖွဲ့ရဲ့ ရှေ့တန်းမှာ နေတဲ့ အနည်းငယ်သော ဆရာတော်တွေက အစိုးရ ပြောတဲ့အတိုင်း လုပ်နေတော့ ကျန်တဲ့ ဆရာတော်တွေက တွေဝေနေတယ်၊ ဘယ်လို တွေဝေနေသလဲဆိုရင် အစိုးရခိုင်းတာကို ရှေ့တန်းက လုပ်နေတဲ့ ဘုန်းကြီးတွေရဲ့ လုပ်ရပ် ကို သူတို့ သိတ် မကြိုက်ဘူး။

ဒီအလုပ်တွေက မမှန်ဘူးဆိုတာ သူတို့ကိုယ်တိုင်လည်း သိပါတယ်။ မမှန်တာ သိသလို မှန်တာလည်း သိတယ်၊ မှန်တာကို သိနေပေမယ့်လည်း မှန်တာကိုလည်း မလုပ်နိုင်ဘူး။ အကြောက်တရားတွေနဲ့ မှန်တာကို လုပ်ရင် ဒို့များ ဖမ်းမလား၊ ဆီးမလား ဆိုပြီးတော့ ဆရာတော်တွေက တွေဝေနေတယ်။ တွေဝေနေတော့ သံဃာ့မဟာနာယကအဖွဲ့က ၄၇ ပါး ရှိပင် ရှိငြားသော်လည်းပဲ သူတို့ရဲ့ ဆန္ဒအတိုင်း ဘာမှ ဘာသာရေးနဲ့ ပတ်သက်လို့ မလုပ်နိုင်ဘူး။

သူတို့တတွေက ဘာသာရေးနဲ့ ပတ်သက်ပြီး လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်ဆိုလို့ရှိရင်၊ စစ်တပ်အစိုးရကို သူတို့က မိန့်ကြားရမှာ၊ သြ၀ါဒပေးရမှာ၊ ဒီဟာတော့ဖြင့် မလုပ်သင့်ဘူး ဆိုပြီးတော့။

အခုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီး ဘုန်းကြီးတွေကို ရိုက်လား ပုတ်လား ဖမ်းလား ဆီးလား ရဲဘက်စခန်းပို့လား လုပ်တာတွေဟာ သာသနာတော်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်ဆိုတာ ဆရာတော်တွေက မပြောနိုင်ပဲ လက်ပိုက်ပြီးတော့ ကြည့်နေရတယ်။ ကြည့်နေရမယ့် အစား၊ သူတို့က သြ၀ါဒ ပေးရမယ့်အစား သာသနာရေးဝန်ကြီးလို့ခေါ်တဲ့ စစ်ဗိုလ်ကပဲ သူတို့ကို နေ့စဉ်လာပြီး သြ၀ါဒပေးနေတော့ အဲဒီ သံဃာ့မဟာနာယက အဖွဲ့ကလည်း သာသနာနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်တဲ့အတွက် ဘုန်းကြီးတို့က အခုလို အဖွဲ့အစည်း ဖွဲ့ရတာပါ။

ဘုန်းကြီးတို့ အခု ဖွဲ့စည်းလိုက်တာဟာ စင်ပြိုင် မဖြစ်ပါဘူး။ သူတို့ကသာ အကယ်၍ ကျကျနန လွတ်လွတ်လပ်လပ်နဲ့ သာသနာတော်ကြီးကို စည်ပင်ပြန့်ပွားအောင် လုပ်နိုင်တယ်ဆိုရင် ဘုန်းကြီးတို့အဖွဲ့ မလိုပါဘူး။ သူတို့က မလုပ်နိုင်တဲ့အတွက် သာသနာတော်ကြီး ပျက်မှာစိုးလို့ ဘုန်းကြီးတို့က သာသနာ့ဥသျှောင် ဆိုတဲ့ အဖွဲ့ ထပ်ဖွဲ့ရတာပါ။

အခုလို သာသနာ့ဥသျှောင် အဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး စစ်အစိုးရ သာသနာရေးဝန်ကြီးဋ္ဌာနက ဘုန်းဘုန်းဆီကို ဖက်စ် လှမ်းပို့တယ်လို့ ကြားသိရပါတယ် ဘုရာ့။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်း မိန့်ကြားပေးပါ ဘုရာ့။

သူတို့က ပြောတာကတော့ ဆရာတော်ရဲ့ ပြည်တွင်း ပြည်ပမှာ သာသနာပြုတာကိုတော့ တပည့်တော်တို့က မှတ်တမ်းတင်စရာပေါ့လေ။ ဒီ သာသနာပြုလုပ်ငန်းတွေဟာဖြင့် သာသနာ့မှတ်တမ်းမှာ အစဉ် တည်တံ့နေပါမယ်ဆိုပြီး နိဒါန်းချီထားပါတယ်။

အဲဒီ စာ ကို ဖက်စ် နဲ့ လှမ်း မပို့မီက မြန်မာ့အလင်း သတင်းစာထဲမှာ ဘုန်းကြီးတွေ့တာက - သူတို့ သံဃာ့မဟာနာယကအဖွဲ့ကို သာသနာရေး ၀န်ကြီးဆိုတဲ့ စစ်ဗိုလ်က သွား လျှောက်တာ။ ဆရာတော် ဘုရား တဲ့ တပည့်တော်တို့ ကြားရပါတယ် တဲ့။ နိုင်ငံခြားမှာ သာသနာ့ဥသျှောင်အဖွဲ့ ဆိုပြီး ဖွဲ့စည်းဖို့ လုပ်နေပါတယ် တဲ့။

ဆရာတော်ကြီး ဦးပညာဝံသရဲ့ မွေးနေ့ကို လော့စ် အိဂျလိစ်မှာ လုပ်ပါမယ် တဲ့။ အဲဒီ မွေးနေ့မှာ မန္တလေး မစိုးရိမ်တိုက်ဟောင်းမှာ နေခဲ့ဖူးတဲ့ ထောင်ကျဖူးတဲ့ ဦးကောဝိဒ နဲ့ အပေါင်းအပါ ရဟန်းအတုတွေက ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲကို တက်ရောက်ပြီး သာသနာ့ဥသျှောင်အဖွဲ့ကို ဖွဲ့စည်းဖို့ လုပ်နေပါတယ် ဆိုပြီး သာသနာရေးဝန်ကြီးလို့ဆိုတဲ့ စစ်ဗိုလ် ကိုယ်တိုင်က သံဃာ့ မဟာနာယကအဖွဲ့ကို သွား လျှောက်တာပါ။

အဲဒီလို တွေ့ပြီးတော့မှ ဒီ စာ ရောက်လာတော့ ဘုန်းကြီးက တခု တွေးကြည့်တယ် လေ။ အဲဒီ စာက နောက်မှ ရောက်လာတယ်။ သာသနာရေး ၀န်ကြီးဆိုတဲ့ စစ်ဗိုလ်က သံဃာ့မဟာနာယကအဖွဲ့ကို အရင် သွားလျှောက်တယ်။ ဆိုတော့ စကားက ရှေ့စကား နောက်စကား မညီဘူး။ ရှေ့စကားက ကဲ့ရဲ့ထားတယ်၊ နောက်စကားက ချီးမွန်းတယ်။

အမှန်က ဆရာတော်ရဲ့ အလုပ်တွေကို အင်မတန် ဂုဏ်ပြုပါတယ် ဆိုရင် ဒီလို ပြောစရာ ဘာရှိသလဲ။ အဲဒီလို ပြောခြင်းကြောင့် ဘုန်းကြီး မြင်တာက ချီးမွန်းတာက နောက်မှ လာတယ်။ ကဲ့ရဲ့တာက အရင်လာတယ်။ ဒီတော့ သာသနာရေးဝန်ကြီးရဲ့ စကားက တမျိုး၊ ဘုန်းကြီးဆီ လာတဲ့ စာက တမျိုး ဖြစ်နေတယ်။ နောက်တခါ ဘုန်းကြီးဆီကို ပို့လိုက်တဲ့ စာမှာ လက်မှတ်တော့ ထိုးမထားဘူး။ သာသနာရေးဝန်ကြီးဋ္ဌာနလို့ ရေးထားတယ်။ ဒီတော့ ဒီလူတွေရဲ့ စကားကို ဘယ်လို လုပ် ယုံကြည်ရမှာလဲ။ Gentleman ရဲ့စကား မဟုတ်ဘူးလေ။

နောက်တခါကျတော့ ဒီ စာထဲမှာ ရေးထားပြန်တယ်။ သာသနာ့ဥသျှောင် အဖွဲ့ ဖွဲ့တာ ၀မ်းနည်းစွာ သိရပါတယ် ဘုရား တဲ့။ အဲဒါကြောင့်မို့ သြဇာတိက္ကမ ကြီးမားတဲ့ ဆရာတော်ကြီးတွေက ဂိုဏ်းကွဲ သံဃာကွဲ မဖြစ်အောင် အရှင်ဘုရားတို့က စောင့်ရှောက် ပေးပါ တဲ့။ အဲဒါလည်း ပါတယ် ဗျ။

အဲဒီလို ပါတဲ့အခါကျ သူတို့ကိုယ်တိုင် (သာသနာရေးဝန်ကြီးဆိုတဲ့ စစ်ဗိုလ်ကိုယ်တိုင်) နားမလည်ဘူး ထင်တယ်။ ဘုန်းကြီး ထင်တာကလေ။ ဘုန်းကြီးတို့ ဖွဲ့တာက ဘာ ပြောသလဲ - International Burmese Monks Organization (အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်) ဟုတ်လား။ သူတို့ သံဃာ့မဟာနာယက အဖွဲ့ဆိုတာက National ပဲ။ ပြည်တွင်း ပဲ။ ဘုန်းကြီးတို့က ပြည်ပ ပဲ။

သူတို့ တကယ် သာသနာကို ပြုချင်တဲ့ စိတ်၊ အဓွန့်ရှည်စွာ ပြန့်ပွားချင်တဲ့ စိတ် ရှိချင်လို့ရှိရင် ဘုန်းကြီးတို့ ဖွဲ့တာကို သူတို့က ၀မ်းသာ ၀မ်းမြောက်ပြီး အားပေးရမယ့်အစား အခုတော့ သူတို့က မှိုချိုး မျှစ်ချိုး ပြောနေတော့ ဒီလူတွေဟာ သာသနာကြည်ညိုတဲ့ လူတွေပါ လို့ ဘုန်းကြီးတို့က ဘယ်လို လုပ်ပြီး စဉ်းစားနိုင်မလဲ။

ဆရာတော်ဘုရားအနေနဲ့ ၁၉၉၀ လွန် နှစ်တွေက မြန်မာပြည်တွင်းကို ကြွရောက်ပြီးတော့ သာသနာရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ကြားသိရပါတယ် ဘုရာ့။ တပည့်တော်တို့ကို အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြန်လည် မိန့်ကြားပေးစေလိုပါတယ် ဘုရာ့။

တိုတို ပြောရရင် ဘုန်းကြီး မြန်မာပြည်ကနေ ၁၉၅၇ ခုနှစ်က ထွက်ခွာလာတာပါ။ အဲဒီလို ထွက်ခွာလာပြီးတဲ့နောက် မြန်မာပြည်အကြောင်းတွေ ကြားရရင် မကောင်းတဲ့အကြောင်းတွေပဲ ကြားနေရတဲ့အတွက်ကြောင့် ဘုန်းကြီး ၀မ်းလည်း နည်းပါတယ်။ နိုင်ငံခြားကို ရောက်ကတည်းက တပိုင်တနိုင်ဆိုသလို သာသနာပြုပြီးတော့ ဘုန်းကြီး နေပါတယ်။ မြန်မာ ဘုန်းကြီးတပါးအနေနဲ့ နိုင်ငံခြားမှာ နေဖို့ တိုင်းပြည်က ထွက်လာတာ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ ပညာတွေ သင်ပြီးတော့ မြန်မာပြည်ကို ပြန်မယ်ဆိုတဲ့အချိန်မှာ စစ်တပ်က အာဏာသိမ်းသွားပြီ ဆိုလိုက်တော့ ဘုန်းကြီးစိတ်ထဲ စိတ် မကောင်းပါဘူး။

အဲဒီအချိန်ကစပြီး နိုင်ငံခြားမှာနေပြီး သာသနာရေးသက်သက် တတ်နိုင်သလောက် လုပ်မယ်ဆိုပြီးတော့ နေတာပါ။ ဘုန်းကြီးကို ဘယ်သူ ကမှလည်း သိတ် မသိပါဘူး။ စင်ကာပူကျောင်းကြီး ဆောက်တဲ့အခါကျတော့ လူအများက သိပြီ့း မြန်မာစစ်အစိုးရက ဘုန်းကြီးကို ဘွဲ့ ပေးမယ်ဆိုပြီး ပြောပါတယ်။ ဘွဲ့ ပေးမယ်ဆိုတာကို ဘုန်းကြီး သဘောပေါက်ပါတယ်။ ဘွဲ့ ပေးမယ် ဆိုတော့ - သူများ ပေးချင်တာကို မယူချင်ဘူး ဆိုရင်တော့ ကောင်းမှာ မဟုတ်ဘူး ဆိုပြီး ဘုန်းကြီးတဲ့ တော်တဲ့သူတွေကို ပေးပါ ဆိုပြီးတော့ ပြောထားတယ်။

အဲဒီမှာ ပေးချင်တယ်ဆိုပြီး ထပ်ခါ ထပ်ခါ ပြောကြပါတယ်။ အဲဒီလို ပြောပါများတော့ ဘုန်းကြီး စိတ်ထဲမှာ - အေး - ဆွမ်းစားတောင် ပင့်တာလိုက်သွားလို့ရှိရင် ကိုယ် ပြောချင်တာလဲ ပြောရတာပေါ့ ဆိုပြီး ဖြစ်လာပါတယ်။ မြန်မာပြည်မှာ မပြေမလည် ဖြစ်နေတာတွေကလည်း ရှိနေလေတော့ ၁၉၉၄ ခုနှစ်တုန်းက အဂ္ဂမဟာ ပဏ္ဍိတ ဆက်ကပ်တဲ့အခါ့ တကာ တကာမတွေနဲ့ မြန်မာပြည်ကို ရောက်သွားပါတယ်။

ဘုန်းကြီးးသွားတော့ စင်ကာပူ မလေးရှား အမေရိကားတို့ တကာ တကာမတွေ ၂၀၀ ကျော် ပါခဲ့ပါတယ်။ သူတို့ကလည်း ၀မ်းမြောက် ၀မ်းသာနဲ့ လက်ခံကြပါတယ်။ အဲဒီတုန်းက မြန်မာပြည်မှာ ဟော်တယ်တွေ ဘာတွေ များများစားစား မရှိသေးပါဘူး။ တည်းခိုဖို့ လုံလောက်တဲ့ နေရာမရှိတော့ နောက်ပိတ်ဆုံး သုဝဏ္ဏအားကစားကွင်းမှာ ထားပြီးတော့ ကျကျနန ဧည့်ခံတယ် ပေါ့။ ဧည့်ခံပြီးအခါ လူတွေက (ရိုးရိုးလေး) ပြောကြတယ်။

ဆရာတော်ကြီး အခုလို ကြွလာတဲ့အခါမှာ ကြုံကြိုက်တုန်း အသက်အရွယ် ကြီးလို့ရှိရင် မြန်မာပြည်မှာ နေရအောင် အစိုးရဆီမှာ မြေကြီးလေး ဘာလေး တောင်းပြီး ကျောင်းတွေ ဘာတွေ ဆောက်မယ်ဆိုလို့ရှိရင် သူတို့က ခွင့်ပြုပါတယ် ဘုရား ဆိုတော့ ဘုန်းကြီးအနေနဲ့တော့ မနေချင်ဘူး။ ဘုန်းကြီးအတွက်ကတော့ ဘယ်နေရာမှာ နေနေ ရပါတယ်။ ဘုန်းကြီးအတွက်တော့ မလုပ်ချင်ဘူး။

သို့သော်လည်း သာသနာနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ဆီမှာ Training Center တော့ မရှိဘူး။ သာသနာပြု Center ရှိမယ်ဆိုရင်တော့ အားလုံးက ကျေနပ်မယ်၊ ဘုန်းကြီးအတွက်တော့ မဟုတ်ဘူး လို့ ပြောတော့ အားလုံးက သဘောတူတယ်။

သဘောတူပြီး မဟာ သန္တိသုခဆိုတဲ့ သာသနာရေးဆိုင်ရာ Center ၁၀ ထပ်ကျောင်းကြီး ဆောက်တာပါ။ (ရန်ကုန်မြို့ တာမွေမြို့နယ်မှာ တည်ရှိပါတယ်) ဆောက်တဲ့အချိန်အခါမှာ ပြည်တွင်း ပြည်ပက အများကြီး လှူကြပါတယ်။ လှူတဲ့အခါကျတော့ စစ်တပ်အစိုးရဟာ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် မရှိဘူးဆိုတာ ဘုန်းကြီးလည်း သဘောပေါက်ပါတယ်။

ဘုန်းကြီးလုပ်တဲ့အလုပ်က ကျယ်ပြန့်တဲ့အလုပ် ဖြစ်တဲ့အတွက် နောက်ဆိုရင် သူတို့ သံသယ ဖြစ်နိုင်တယ်။ ဒါကြောင့် ဘုန်းကြီးက အဲဒီ ကျောင်းကြီးရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေ (By Law) ရေးပြီးတော့ သူတို့ (မြန်မာစစ်အစိုးရ) ဆီကို တင်ပါတယ်။

တိုတို ပြောရရင် ဘုန်းကြီးတို့ကျောင်းက သံဃာတော်တွေကို သိပ္ပံပညာတွေ၊ အင်္ဂလိပ်စာတွေ အကုန် တတ်ရမယ်။ အဲဒီလို ခေတ်မှီအောင် သင်ကြားပေးမယ်။ ကျောင်းသားလေးတွေမှာဆိုရင်လည်း ခေတ်မှီ မှီ သင်ကြရတာ မရှိဘူး။ ဒါ့ကြောင့် Sunday School ဆိုတာမျိုးတွေ ဗုဒ္ဓဘာသာကို အခြေခံပြီး စာ သင်ပေးမယ်။ နောက် ကျောင်း ပညာရေးတွေ သင် ပေးမယ်။ ကျန်းမာရေးတွေလည်း လုပ်ပေးမယ်ဆိုပြီး သူတို့ကို ဥပဒေ ရေးပြီးတော့ ပြောပြီးတော့ လုပ်ထားတာ။ သူတို့ကိုယ်တိုင်ကလည်း ခွင့်ပြုတာပါ။

အဲဒီ ၁၀ ထပ်ကျောင်းကြီးကို ၁၉၉၉ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျောင်းဖွင့်တယ်။ ကျောင်းကြီး ရေစက်ချပွဲမှာ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့် အကုန်လုံး သူတို့ လာကြပါတယ်။

အဲဒီလို ကျောင်းဖွင့်ပြီးတော့ အစမ်းအနေနဲ့ သံဃာတော် အပါး ၂၀ နဲ့ စ ပါတယ်။ ဒါတင်မကပဲ သီလရှင်တွေလည်း ပါရမယ်ဆိုပြီး သီလရှင် ၆ ပါးနဲ့ စ ပါတယ်။ ၂ နှစ် သင်တန်း ပေးပါတယ်။ ပြည်တွင်း ပြည်ပမှာ သာသနာပြုတဲ့အခါ ဒီလို သင်တန်းမျိုး မရှိရင် ပြည်ပမှာ သာသနာပြုတဲ့ အခါမှာ အင်မတန် ခက်တယ် ဆိုပြီးတော့ သင်ကြားပေးတဲ့ အခြေခံ သင်တန်း ပါ။ အဲဒီ သင်တန်းတက်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို သွားတဲ့ အခါ ဘွဲ့ရအောင် ထပ်ပြီး လုပ်ရဦးမှာ။ ဒါမှ သာသနာပြုနိုင်မယ် ဆိုပြီးတော့ အဲဒီ စီမံကိန်းနဲ့ လုပ်တာပါ။Training Center ပါ။

နောက်ပိုင်းကျ ဘာတွေ ဖြစ်လာသလဲဆိုတော့ - ဒါယကာ ဒါယိကာမတွေကလည်း အားပေးကြပါတယ်။ ရန်ကုန်တင် အားပေးတာ မဟုတ်ပါဘူး။ Sunday School ဆိုရင် အင်းစိန်ဘက် ဒလဘက်ကလည်း လာ တက်ကြပါတယ်။ တနင်္ဂနွေနေ့တင် မကဘူး။ စနေနေ့မှာပါ သင် ပေးပါတယ်။ ဘုန်းကြီးတို့ဆီက ဘွဲ့ရထားတဲ့ သံဃာတွေနဲ့ သီလရှင်တွေက သင်ပေးပါတယ်။ အားလုံး ကျောင်းသားပေါင်း ၂၀၀၀၊ ၃၀၀၀ ကျော် ရှိတယ်။ညဘက်ကတော့လည်း Free Tution (အခမဲ့ ကျူရှင်) သင် ပေးပါတယ်။ အဲဒီတော့ လူတွေက အင်မတန် ၀မ်းသာကြတယ်။

အဲဒီလို လူတွေက အင်မတန် ၀မ်းသာပြီး အားပေးကြတဲ့အခါကျတော့ လာဘ်စားမှုတွေက ပါ လာပြီ။ အဲဒီတော့ ဘုန်းကြီးကို လာ လျှောက်ကြ ပါတယ်။ ဥက္ကဋ္ဌ လုပ်တဲ့လူက လာဘ်စားထားတာ တော်တော် များ နေပြီ ဆိုတော့ ဘုန်းကြီးက အဲဒီလိုဆိုလို့ရှိရင်တော့ မကောင်းဘူး။ နာမည် ပျက်မယ်။ သဒ္ဓါတရား ပျက်သွားလိမ့်မယ်။ သိုသိုသိပ်သိပ် လုပ်ကြဆိုပြီးတော့ သူတို့ကို သေသေချာချာ ပြောပါတယ်။

အဲဒီလို ပြောတဲ့အခါကျတော့ အဲဒီလူက ထွက်မယ်လို့ ပြောပါတယ်။ ထွက်မယ်လို့ ပြောပြီးတော့မှ ဗိုလ်ချုပ်ခင်ညွန့်ဆီကို သွားပြီး Different Story သွား ပြောပါတယ်။ ကျောင်းမှာ ရှိနေတဲ့ ကော်မတီဝင်တွေဟာ နိုင်ငံရေး လုပ်ပါတယ်ဆိုပြီး သွား ပြောတယ်။ ကျောင်းရဲ့ ဖွဲ့စည်းပုံ ဥပဒေထဲမှာ ရေးထားတယ်၊ ဘယ်သူမှ နိုင်ငံရေး မလုပ်ရ ဆိုပြီးတော့၊ တကယ်တော့ ဘယ်သူမှလည်း နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။

အဲဒီလို တဖက်လှည့်နဲ့ ပြောပါတယ်။ ပြောတဲ့အခါ ဗိုလ်ချုပ်ခင်ညွန့်ကလည်း (အမှန်တော့ ဗိုလ်ချုပ်ခင်ညွန့် မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒီလူကလည်း အလုပ်တွေ များပြီး သေသေချာချာ စေ့စေ့စပ်စပ် မတွေးနိုင်ဘူး ထင်ပါတယ်) အဲဒီလူ ပြောတာနဲ့ပဲ နောက်ပိတ်ဆုံး သိမ်း သွားတယ် ဆိုပါတော့။ သိမ်းသွားပြီး သံဃာ့ မဟာ နာယကအဖွဲ့ကို အပ်လိုက်ပါတယ်။

ဆရာတော်ဘုရားအနေနဲ့ ပီနန်ကျောင်း၊ စင်ကာပူကျောင်း အပါအ၀င် နိုင်ငံအတော်များများမှာ ဘုန်းကြီးကျောင်းတွေ တည်ဆောက်ခဲ့သလို သာသနာပြုလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့တယ်လို့ ကြားသိရပါတယ် ဘုရာ့။ အဲဒီ သာသနာပြုလုပ်ငန်းတွေရဲ့ အတွေ့အကြုံတွေကို မိန့်ကြားပေးစေလိုပါတယ် ဘုရာ့။

ဘုန်းကြီးကျောင်းတကျောင်း ဖြစ်အောင် ထူထောင်ရတယ်ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ ခင်ဗျားတို့လည်း နိုင်ငံခြားမှာ နေတဲ့သူတွေပဲ။ သိမှာပေါ့။ အဲဒီလို ကျောင်းတကျောင်း ဖြစ်အောင် ထူထောင်ရတဲ့ အတွေ့အကြုံတွေထဲက အထူးသဖြင့် စင်ကာပူကျောင်း အကြောင်း ပြောပြပါမယ်။

စင်ကာပူကျောင်း စ တည်မယ်ဆိုတော့ ဘုန်းကြီးတို့မှာ ငွေ မရှိဘူး။ ဘုရားကြီးကတော့ ရှိတယ်။ အဲဒီ နေရာဟောင်းကို စင်ကာပူအစိုးရက တရားမ၀င်ဘူး ဆိုပြီး သိမ်းမယ်ဆိုတော့ ဘုန်းကြီးကို အပ်တယ် ဆိုပါတော့။ အဲဒီအခါမှာ ကျောင်း ဆောက်မယ် ဆိုပြီးတော့ တရုပ်တွေရော၊ မြန်မာတွေရော အဖွဲ့ ဖွဲ့ပြီး အလှူခံတဲ့အခါ စင်ကာပူငွေ ၆ သန်း ရပါတယ်။

ဒီကနေ့မှာ တကြောင်းထဲနဲ့ ပြောမယ်ဆိုရင်တော့ စင်ကာပူကျောင်းဟာ အင်မတန် တင့်တောင့်တင့်တယ် ဖြစ်ပါတယ်။ အခက်အခဲတွေအနေနဲ့ ဘယ်လို တွေ့ရသလဲဆိုတော့ အဲဒီအထဲမှာ အများနဲ့ လုပ်လာတဲ့အခါကျတော့ လူတွေဟာ အကုန်လုံး အတူတူ တစိတ်ထဲ ရှိကြတာ မဟုတ်ဘူး။ အဲဒီအထဲမှာ ဟိုလုပ် ဒီလုပ် လူတွေလည်း ပါ တာပဲ။ အဲဒီအထဲက စင်ကာပူ အတွေ့အကြုံကို ပြောမယ်ဆိုရင် အဲဒီအထဲမှာ လာဘ်စားတဲ့သူတဦး ပါတယ်။ သူက ဗမာတော့ မဟုတ်ပါဘူး။ သူက စင်ကာပူနိုင်ငံသား ပါ။ သူက လာဘ်စားတဲ့အခါ သွားတိုင်တဲ့အခါကျတော့ စီ အိုင် ဒီ လို့ ခေါ်တဲ့ အစိုးရ စစ်ဆေးရေးဌာနကို ရောက်တာတွေလည်း ဖြစ်ပါတယ်။

ဒီလူကလည်း ဟုတ်တယ်လို့ ပြောပါတယ်။ သူကလည်း နောက်ကျတော့ တတ်နိုင်သလောက် ပြန်ပြီးတော့ ပေးပါတယ်။ သူက မတတ်သာလို့ လုပ်တာပါ လို့ ပြောပါတယ်။ နောက် - တသောင်းလောက်ကတော့ ဘုန်းကြီးတို့ ကော်မတီဝင်တွေ စုပြီးတော့ ပေးလိုက်တဲ့အခါ စီ အိုင် ဒီ ဌာနက စစ်ပေမယ့်လည်း ဘာမှ မတွေ့တဲ့အခါကျ ဘာမှ မဖြစ်ပါဘူး။ နောက်ကျတော့ အဲဒီ စင်ကာပူကျောင်းကြီး ဖြစ်သွားတာပါ။

ဒီလို အခက်အခဲတွေ အများကြီး ရှိပါတယ်။ တိုရန်တို (ကနေဒါ) မှာ ကျောင်းသွား တည် တုန်းကလည်း ဒီလိုပါပဲ။ ၁၉၈၆ ခုနှစ်လောက်တုန်းက လုပ်တာကိုး။ တိုရန်တိုမှာ ဗမာလည်း အင်မတန် နည်းပါတယ်။ တချို့ကလည်း ဒီမှာ ဗမာ သိပ် နည်းတဲ့ အခါကျတော့ အနှစ်တရာလည်း ဖြစ်မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဖြစ်တာ မဖြစ်တာ ကိစ္စမရှိဘူး၊ ဘုန်းကြီး ဖြစ်အောင် လုပ်မယ် ဆိုပြီး တော့ ဘုန်းကြီး Apartment မှာ နေပြီး ၀ါဆိုပါတယ်။

တိုရန်တို တရုပ်တန်း မှာပါ။ အဲဒီမှာ ဒါယိကာ ဒါယိကာမတွေကို ဟော ပြော ပြီးတော့ အဲဒီလို လုပ်ရပါတယ်။ ထိုနည်း၎င်း ပါပဲ။ ဘယ်နေရာ ရောက်ရောက် စိတ်ဓါတ် မကျ စိတ်ဓါတ် မပျက်ပဲနဲ့ - နယူးဇီလန် ရောက်လဲ ဒီအတိုင်းပဲ၊ သြစတေလျရောက်လဲ ဒီအတိုင်း ပါပဲ၊ အင်မတန် ခဲရာခဲဆစ်နဲ့ လုပ်ရပါတယ်။

သြစတေလျမှ လုပ်တုန်းကဆိုရင် တကာကြီးတို့လိုပဲ ကျုပ်လည်း ကျောင်းတကာ ပဲ ဆိုပြီး သြစတေလျ ငွေ နှစ်သောင်း လှူမယ် ဆိုပြီးလုပ်ရပါတယ်။ လူတွေက ရောက်ခါစဆိုတော့ သိတ်ပြီးတော့လဲ မထည့်နိုင်ကြပါဘူး။ ဒါပေမယ့် နေမယ့် ဘုန်းကြီးကတော့ ဒေါက်တာ ဦးဇာဂရဆိုတာ အိန္ဒိယမှာ ကထိက လုပ်နေတဲ့ ဘုန်းကြီး ပဲ။ ကျုပ်တို့ကတော့ ကျောင်းတကာပဲ ဆိုပြီး တကာအနေနဲ့ ပြောပြီး လုပ်ခဲ့ရတာလည်း ရှိပါတယ်။

အဲဒီလိုတွေ အများကြီး အတွေ့အကြုံတွေနဲ့ လုပ်ရပါတယ်။ ကျောင်းတကျောင်းဆိုတာ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ မလွယ်ပါဘူး။ အခုတော့ အင်မတန် အပင်ပန်းခံပြီး လုပ်တာပါလားဆိုပြီး အများက ကျေးဇူးတင်ကြပါတယ်။ အမေရိကားကို ရောက်လာတော့ တပည့်တွေကလည်း ပြောပါတယ်။ ဒို့ ကျောင်းတကျောင်း ဖြစ်အောင် မနည်း လုပ်ရတာ ဆရာတော်ဘုရားက ကျောင်းတွေ နိုင်ငံတကာမှာ သွားပြီး လုပ်တာများ ဘယ်လိုများ လုပ်ပါလိမ့် ဆိုပြီး ပြောကြပါတယ်။

အခက်အခဲတွေ တွေ့ပင်တွေ့ငြား ဘုန်းကြီးက သာသနာကို လှူပြီးတော့ သာသနာအတွက် လုပ်တော့ ဘယ်လို အခက်အခဲတွေ့တွေ့ စိတ်ထဲ မှာ သည်းခံနိုင်တယ်ပေါ့လေ။ တိုတို ပြောရရင် သည်းခံလို့ အောင်မြင်တာ။

ဒါကြောင့် ဘုန်းကြီးတို့က ဘာ့ကြောင့် အောင်မြင်သလဲဆိုတာကို ပြောကြတဲ့အခါ Success ဆိုတာ အောင်မြင်ခြင်း ဆိုတဲ့ အင်္ဂလိပ်စကားလေ။ Dictionary မှာ ရေးထားတယ် - success ဆိုတာကို fulfillment of the wishes လို့ ရေးထားတယ်။

ဆန္ဒပြည့်ဝသွားတာကို အောင်မြင်မှု ဆိုပြီးတော့ ရေးထားတယ်။ ဘုန်းကြီးက အဲဒီ အဓိပ္ပါယ်က သိတ်မကောင်းဘူးကွာ ဆိုပြီးတော့ ငါ တွေ့တဲ့ အတွေ့အကြုံက အဲဒီလို မဟုတ်ဘူး လို့။ success means to overcome many progress, many difficulties ဆိုပြီး တရားဟောတဲ့အခါ အင်္ဂလိပ်လို ပြောတော့ လူတွေက သဘောကျ ကြတယ်။ ငါ့ ဘာသာပြန်မှုက အောက်စဖို့ အဘိဓာန်လိုမျိုး မဟုတ်ဘူးလို့။ ဆိုတော့ ဒုက္ခတွေမြောက်များစွာ၊ ပြဿနာတွေ မြောက်များစွာ ကျော်လွန်သွားတာကို အောင်မြင်တယ်လို့ ဘုန်းကြီးက ဘာသာပြန်လိုက်တာပေါ့ လေ။

ဆရာတော်ဘုရားအနေနဲ့ သာသနာ့ဥသျှောင်အဖွဲ့ကို နိုင်ငံတကာမှာ ဖွဲ့စည်းသွားမယ်လို့ သိရပါတယ် ဘုရာ့။ အခုလို International Level လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ မြန်မာရဟန်းတော်များအနေနဲ့ လိုအပ်ချက်များ ရှိနေနိုင်မယ်ဆိုတဲ့ တွေးတောမှုတွေလည်း ရှိနေပါတယ်ဘုရာ့။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး သာသနာ့ဥသျှောင် အဖွဲ့ကို ဘယ်လို ဖွဲ့စည်း ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းတွေကို မိန့်ကြား ပေးစေလိုပါတယ် ဘုရာ့။

ဘုန်းကြီးတို့က အခုနက ပြောတဲ့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (Sasana Moli - International Burmese Monks Organization) ဆိုပြီး ဖွဲ့တော့ အဖွဲ့ချုပ်ဆိုတာက ဋ္ဌာနချုပ် အဖွဲ့။ အဲဒီလို အဖွဲ့ချုပ်ဆိုတော့ နိုင်ငံကြီးတနိုင်ငံ ဖြစ်တဲ့ အမေရိကားမှာ ထားတာက ကောင်းမယ်။ အမေရိကားမှာလည်း နယူးယောက်မှာ ထားမယ်။

နယူးယောက်ဆိုတာက ကုလသမဂ္ဂတို့လို အပြည်ပြည်ဆိုင်ရာ အစိုးရတွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်း ရှိတဲ့အတွက် အပြည်ပြည်ဆိုင်ရာ အစိုးရတွေနဲ့ အလွယ်တကူ ဆက်သွယ် နိုင်မယ်။ နောက်ပြီး အပြည်ပြည်နဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေကလည်း ရှိတယ်။ ဒါ့ကြောင့် ဒီနေရာက ဘူမိနက်သံ မှန်တဲ့နေရာ ဖြစ်တဲ့အတွက် ဋ္ဌာနချုပ်ကို ဒီနေရာမှာ ထားမယ်။

အဲဒီလို ဋ္ဌာနချုပ်ကို ထားပေမယ့်လည်း အရှင်ဘုရားတို့အနေနဲ့ အမေရိကားမှာ အမေရိကားနဲ့ဆိုင်တဲ့အဖွဲ့ ထပ်ဖွဲ့ရမယ်။ အမေရိကားအရှေ့ခြမ်း၊ အနောက်ခြမ်း ဆိုပါစို့။ သဘောက ဋ္ဌာနချုပ်ဆိုတာက Federal ဆိုင်ရာ အဖွဲ့ ဖြစ်သွားပြီး သက်ဆိုင်ရာ နိုင်ငံတွေအလိုက် ဖွဲ့စည်းတာက သက်ဆိုင်ရာ State တွေ ဖြစ်သွားမယ်။ အပြည်ပြည်ဆိုင်ရာအဖွဲ့တွေက State Government ပုံစံမျိုး ဖြစ်သွားမယ်။ အမေရိကန်နိုင်ငံ ဖွဲ့စည်းတဲ့ ပုံစံမျိုးပေါ့။

အဲဒီလို ဖွဲ့စည်းလိုက်တဲ့အခါ သက်ဆိုင်ရာ အဖွဲ့တွေအတွက် Training ဆိုတာမျိုး လိုလာမယ်။ အဲဒီလို လိုအပ်လာရင် အခါအားလျှော်စွာသင်တန်းတွေ ပေးမယ်။ ဘုန်းကြီးတို့ နိုင်ငံခြားမှာ သာသနာပြုတဲ့အခါကျ Missionary School ဆိုတာမျိုးတွေ ရှိတယ်။ အဲဒါတွေ တက်ခိုင်းမယ်၊ ဘုန်းကြီးကိုယ်တိုင်လည်း တတ်နိုင်သရွေ့ ဘုန်းကြီးရဲ့ အတွေ့အကြုံတွေကို ပြောပေးမယ်။ အဲဒီမျိုးတွေ လုပ်သွားဖို့ ရှိပါတယ်။

အဲဒီလို လုပ်သွားတဲ့အခါမယ် အမေရိကားမှာ ရှိတဲ့ အဖွဲ့က အမေရိကားအဖွဲ့ရဲ့ ဖွဲ့စည်းပုံကို ရေးဆွဲ၊ အဲဒီ ဥပဒေအတိုင်း လုပ်လို့ အဲဒီလို ပြောပါတယ်။

ဘုန်းကြီးတို့ ဗမာတွေမှာ ဘာလဲဆိုတော့ တခါတလေမှာ ခင်မင်မှုနဲ့လည်း လုပ်ကြတယ်။ အဲဒီအတွက် ဒုက္ခရောက်ကြတယ်။ ဒီတော့ ဥပဒေ အတိုင်း လုပ်ရမယ်လို့ သံဃာတွေကို သဘောပေါက်အောင် ပြောထားတော့ အားလုံးက သဘောပေါက်ကြပါတယ်။ အခုကာလက အစပြုဖွဲ့စည်းတဲ့ကာလဆိုတော့ ဘုန်းကြီးက သူတို့ကို ပြောပါတယ်။ Main Structure ကို ခိုင်အောင် လုပ်ပါ။ ချဲ့တယ်ဆိုတာက လွယ်လွယ်လေးပါ လို့။ အားလုံး သီရိလင်္ကာတို့၊ အိန္ဒိယတို့ သြစတေလျတို့မှာ ဘုန်းကြီးရဲ့ တပည့် ဒါယိကာ ဒါယိကာမတွေ ရှိတယ်။ သူတို့က လုပ်ချင်တယ်လို့ ပြောတယ်။ ဒီတော့ ဒါတွေကို တဖြေးဖြေး လုပ်သွားမယ်။ စောစောက ပြောခဲ့တဲ့ စနစ်နဲ့ သွားမယ်။

အဲဒီစနစ်နဲ့ သွားမယ်ဆိုတဲ့အခါကျတော့ မြန်မာရဟန်းတော်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ နှစ် ဖွဲ့ ဖြစ်တယ်ဆိုတာက မဖြစ်နိုင်ဘူး။ ပြည်တွင်းက အဖွဲ့က National အဖွဲ့ ဖြစ်သွားပြီး ပြည်ပက International အဖွဲ့ ဖြစ်သွားပြီ။ အဲဒီတော့ကာ သာသနာရေးဝန်ကြီးလို့ ခေါ်တဲ့ စစ်ဗိုလ်သာ ဒါတွေကို နားလည်ရင် ဘုန်းကြီးတို့က ပိုတောင် ၀မ်းသာရမှာပါ။ စင်ပြိုင် မဟုတ်ဘူး။ ဒို့ ဗမာတွေဟာ အင်မတန် မျက်စေ့ ကျဉ်းနေတာ။ အဲဒါကို ကျယ်အောင် ချဲ့ပေးတယ်ဆိုတာကို သိပြီး သူတို့ကတောင် အားပေးရမှာ။

အခု ဘုန်းဘုန်းတို့ အဖွဲ့က သာသနာကို ကာကွယ် စောင့်ရှောက်ဖို့၊ သံဃာတော်တွေကို ကာကွယ် စောင့်ရှောက်ဖို့၊ နောက်ပြီးတော့ ကမ္ဘာ့အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းလိုက်ပေမယ့် အချို့ကကျတော့ ပြည်ပမှာ ဖွဲ့လိုက်တဲ့အဖွဲ့ ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့များ ဆက်နွယ်မလားဆိုတဲ့ သဘောနဲ့ ပြောကြတာတွေလည်း ရှိပါတယ် ဘုရာ့။ အခုလို တွေးမြင်မှုတွေနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းရဲ့ အမြင်ကို သိပါရစေ ဘုရာ့။

ဘုန်းကြီးတို့ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၀ ရက်နေ့) က သြ၀ါဒခံယူပွဲဆိုပြီးတော့ လုပ်ပါတယ်။ လုပ်တဲ့အခါကျတော့ ဘုန်းကြီးက ပြောပါတယ်။ ဘုန်းကြီးတို့က မြတ်စွာဘုရားရဲ့တရားတော်အရ ဖွဲ့စည်းတာ။ မြတ်စွာဘုရားရဲ့ တရားတော်မှာ ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ ရဟန်းတော်များအဖွဲ့၊ နောက်ပြီးတော့ ရဟန်းတော်များကို အထောက်အပံ့ပြုမယ့် ဥပသကာအဖွဲ့။ ဘုန်းကြီးက ဒါပဲ ဖွဲ့သွားမယ်။

ဘုန်းကြီးတို့အဖွဲ့က ဘာအဖွဲ့လို့ ခေါ်မလဲဆိုတော ရဟန်းတော်များ အဖွဲ့။့ ပြည်တွင်း ပြည်ပမှာ သာသနာတော်ကြီးကို စည်ကားသည်ထက် စည်ကားအောင်၊ ပြည်တွင်းမှာ သိတ်ပြီး စည်ကားရင်လည်း စည်ကားသထက် စည်ကားအောင် ပေါ့။ သာသနာတော်ကြီးက ပျက်စီးမယ့် အရိပ်အယောင် မြင်ရင်လည်း ကာကွယ် သွားမှာပေါ့။ ပြည်တွင်းမှာ သူတို့ အခုလို ၀ါဒဖြန့်နေတာမဟုတ်ဘဲ သာသနာတော်ကို တကယ်တိုးတက်အောင် လုပ်တယ်ဆိုရင်လည်း တိုးတက်သည်ထက် တိုးတက်အောင် သွား အားပေးမှာပေါ့။

အဲဒီတော့ သံဃာ့ မဟာနာယက အဖွဲ့ဆိုတာက National အဖွဲ့ ဖြစ်သွားပြီ။ ပြည်တွင်းက သံဃာ့အဖွဲ့ ဖြစ်သွားပြီ။ သူတို့က ဘုန်းကြီးတို့ဆီကနည်းတွေ ယူရမယ်။ နိုင်ငံခြားမှာ သာသနာကို ဘယ်လို ပြုမလဲ။ ပြည်တွင်းထဲက အဖွဲ့လေး သေးသေးလေးဆိုပေမယ့် သူတို့မှာလည်း အခက်အခဲတွေ ရှိမယ်။ ဘုန်းကြီးတို့ကလည်း အဲဒီလို အခက်အခဲတွေကို ဘယ်လို ကူညီရမလဲ ဆိုတာတွေ ရှိမယ်။ အဲဒီလို အပြုသဘောနဲ့ သွားကြမယ်၊ အညမည သဘောနဲ့ သွားကြမယ်။

ပြည်တွင်းက သံဃာတော်တွေ၊ သာသနာရေးဝန်ကြီးဋ္ဌာနဆိုတဲ့ သာသနာနဲ့ ဆိုင်တဲ့ အဖွဲ့တွေက တကယ် သိမယ်ဆိုရင် ဒါဟာ ဘယ်လို လုပ်ပြီး စင်ပြိုင် ဖြစ်မလဲ။ စင်ပြိုင်ဆိုတာ သဘော မပေါက်လို့ ပြောတာပါ။

ဒို့ ဆရာတော်ကြီးတွေက အသက်အရွယ်ကြီးမှ ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ အခုလို လုပ်လိုက်တာဟာဖြင့် ဒို့ အင်မတန် ၀မ်းမြောက်ဖို့ ကောင်းတယ်။ ဒီလို သိရမှာ။ အဲဒီလို ၀မ်းမြောက်ဖို့ ကောင်းတာကို ၀မ်းနည်းတယ်ဆိုတော့ ခင်ဗျားတို့ စဉ်းသာ စဉ်းစားကြည့်ပေတော့။ သူတို့စိတ်မှာ ကောင်းတဲ့စိတ် မရှိဘူးဆိုတာ ဖော်ပြနေသလို ဖြစ်မနေဘူးလား။

နောက်ပြီးတော့ ပြောကြတယ်၊ နိုင်ငံရေးအဖွဲ့အစည်းများ ဖြစ်မနေဘူးလား ဆိုပြီးတော့။ အဲဒီလို ဖြစ်မှာစိုးလို့ ခင်ဗျားတို့ နိုင်ငံရေးအရ ဘာအဖွဲ့အစည်းတွေပဲ ဖွဲ့ ဖွဲ့၊ ဘုန်းကြီးတို့က အားလုံးကို ဒါယိကာ၊ ဒါယိကာမ ပဲ။ ဥပသကာအဖွဲ့ လို့ ဖွဲ့။ ရတနာသုံးပါးကို ဆည်းကပ်တဲ့ သူတွေပဲ။

ဘုန်းကြီးက ဥပမာတခု ပြောပြတယ်။ ရေလုပ်သားလည်း ရှိမှာပဲ။ လယ်သမားလည်း ရှိမှာပဲ။ အလုပ်သမားလည်း ရှိမှာပဲ။ ဈေးသည်လည်း ရှိမှာပဲ။ ဘယ်လိုပဲ ရှိရှိ ကျောင်းကို လာလို့ရှိရင် အားလုံးဟာ ဒါယိကာ ဒါယိကာမ ပဲ လို့။

ခင်ဗျားတို့က ခင်ဗျားတို့ ကြိုက်ရာ နိုင်ငံရေး လုပ်ကြ။ ဘုန်းကြီးတို့က ဘာမှလည်း ၀င် မစွက်ဖက်ဘူး။ အကောင်းအဆိုး ဆိုတာလည်း မပြောဘူး။ သို့သော် ဒါယိကာ ဒါယိကာမ အနေနဲ့ ခင်ဗျားတို့ အကူအညီ လိုရင် ဘုန်းကြီးတို့က တတ်နိုင်သရွေ့ ပြောမယ်။ ဘုန်းကြီးတို့ အကူအညီလိုချင်ရင်လည်း ခင်ဗျားတို့က ပေးကြ။ According to the Buddhism ဗုဒ္ဓဘာသာရဲ့သဘောအတိုင်း ဖွဲ့သွားတာ။

တချို့က ပြောတယ်။ ဆရာတော်ကြီးတွေက ဒီလို ဖွဲ့တော့ နိုင်ငံရေးလား ဟဲ့၊ ဘာလား ဟဲ့၊ အဲဒီလို ပြောတယ်။ နိုင်ငံရေးနဲ့ သာသနာရေး ဆိုတာကို ဘုန်းကြီးက ပြောပြပါတယ်။ နိုင်ငံရေးဆိုတာ ဘာလဲ၊ နိုင်ငံ့ရေးရာ။ နိုင်ငံတခု မကောင်းဘဲနဲ့ သာသနာဆိုတာ ဘယ်လိုလုပ် ကောင်းမလဲ။ နိုင်ငံဆိုတာ ဋ္ဌာန။ အိမ် လိုပဲ လို့။ သာသနာဆိုတာ အဲဒီအိမ်ပေါ်မှာ တက်နေတဲ့ လူ လိုပဲ။ အိမ်ကြီးကမှ ယိုယွင်း ပျက်စီးပြီး နေ မဖြစ်အောင် ဟိုနေရာ အပေါက်တွေ၊ ဒီနေရာ အပေါက်တွေ ဖြစ်နေရင် အဲဒီအိမ်မှာ နေတဲ့သူက ဘယ်လိုလုပ် လမ်းလျှောက် မလဲ၊ နေမှာလဲ။

အဲဒီတော့ သာသနာရေးနဲ့ နိုင်ငံရေးလို့ ပြောနေကြပြီး မလုပ်သင့်ဘူးနဲ့ ပြောနေကြတဲ့သူတွေဟာ သာသနာဆိုတာလည်း ဘာမှန်းမသိဘူး၊ နိုင်ငံဆိုတာလည်း ဘာမှန်းမသိဘူး၊ ဘာမှန်း မသိပဲ ပြောနေကြတာ။ အဲဒီတော့ ဘုန်းကြီးက ပြောတယ်။ အဲဒါတွေကို လိုက်ပြီး မနေကြနဲ့။ ခင်ဗျားတို့ အဲဒါတွေကို လိုက်နာနေလို့ရှိရင်တော့ အခုလိုပဲ ဖြစ်နေမှာပဲ လို့ တိုတိုပဲ ပြောလိုက်ပါတယ်။

အခုအချိန် ဗုဒ္ဓသာသနာ နှစ် ၂၅၀၀ ကျော်ကာလမှာ အခုလိုမျိုး သံဃာတော်တွေကို ဖမ်းတယ် ဆီးတယ် ရိုက်တယ် နှက်တယ် ထောင်ချတယ် ဆိုတာတွေဟာ သာသနာ ထွန်းကားပါတယ်ဆိုတဲ့ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့အခါကျတော့ ဘယ်လို အကြောင်းရင်းကြောင့် အခုလို ဖြစ်သွားရတာလဲဆိုတာနဲ့ ပတ်သက်တဲ့ ဆရာတော်ဘုရားရဲ့ အမြင်ကို သိပါရစေ ဘုရာ့။

ဘုန်းကြီးအမြင်ကို ပြောရမယ်ဆိုလို့ရှိရင် အကယ်၍ အုပ်ချုပ်သူက သာသနာပြုအစိုးရ၊ သာသနာကို ကြည်ညိုလေးစားတဲ့ အစိုးရဆိုရင် အဲဒီလို ဖြစ်မှာမဟုတ်ဘူး လို့ ထင်တယ်။ အဲဒီလိုဆိုတော့ တစ်နံပါတ် - အုပ်ချုပ်တဲ့သူ အပေါ်မှာ မူတည်တယ်လို့ ထင်တယ်။

ဘာလို့ အုပ်ချုပ်တဲ့သူ အပေါ်မှာ မူတည်သလဲ ဆိုလို့ရှိရင် သူတို့က ဖွဲ့စည်းထားတဲ့ သံဃာ့ မဟာနာယက အဖွဲ့အစည်းကို ကြည့်လိုက်တဲ့အခါ ကျတော့ အဲဒီလို အဖွဲ့အစည်းမျိုး မြန်မာပြည်မှာ တခါမှ မရှိခဲ့ဘူး။ မြန်မာ့ရာဇ၀င်မှာ တခါမှ မရှိခဲ့ဖူးဘူး။ ဘာ့ကြောင့် သူတို့က ဖွဲ့စည်းထားသလဲ ဆိုလို့ ရှိရင် သူတို့ လိုတာကို ရအောင် ဖွဲ့စည်းထားတာကိုး။

တကယ် ပြောရရင် သံဃာ့မဟာနာယကဆိုတဲ့ ဆရာတော်တွေက သာသနာရေးကိစ္စကို သူတို့တွေက စီမံကိန်းနဲ့ လုပ်ရမှာ။ ဘုန်းကြီးက တခါတလေ ပြောပါတယ်။ အဲဒီ သံဃာ့မဟာနာယကထဲမှာ ဘုန်းကြီးရဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေ ပါ ပါတယ်။ ဘုန်းကြီး ဗမာပြည် သွားတဲ့အခါ သူတို့ကလည်း တွေ့ချင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောတဲ့အခါ ဘုန်းကြီးက ပြောပါတယ်။ ဘုန်းကြီးကလည်း တွေ့ချင် ပါတယ် လို့။ သို့သော်လည်း တပည့်တော် အရှင်ဘုရားတို့ဆီကို မလာချင်တာ ရှိတယ် လို့။ တပည့်တော် မေးတာ အရှင်ဘုရားတို့ ဖြေနိုင်မှာ မဟုတ်ဘူး လို့။

အရှင်ဘုရားတို့ သံဃာ့မဟာနာယက အဖွဲ့ လုပ်ပြီးတော့ တပည့်တော် မေးမယ် လို့။ သာသနာ တိုးတက်သလား ကျဆင်းသလားဆိုရင် အရှင်ဘုရားတို့ ဘယ့်နှယ်လုပ် ပြောမလဲ လို့။ ပြောနိုင်မှာလဲ မဟုတ်ဘူးလေ။ တိုးတက်ပါတယ် ဆိုလို့ရှိရင် တိုးတက်သည်ထက် တိုးတက်အောင် ဘယ်လို လုပ်မလဲ၊ ဘာ စီမံကိန်းရှိသလဲ။ ကျဆင်းရင်လည်း ကိုယ့်အပြစ်ရယ်လို့ မဟုတ်ဘူးလေ။ အခြေအနေက ကျဆင်းတာကိုး၊ အဲဒီလို ကျဆင်းတာကို တိုးတက်အောင် ဘယ်လို လုပ်မလဲ လို့။ တပည့်တော် အဲဒီလို မေးရင် အရှင်ဘုရားတို့ ဘယ်လိုလုပ် ပြောမလဲ ဆိုပြီးတော့။

သံဃာ့မဟာနာယက အဖွဲ့ဆိုတာကလည်း ငါးဦးကော်မတီလို အပေါ်က အမိန့်ချပေးတာကို လုပ်နေရတဲ့ အဖွဲ့ပဲ။ ကမ္ဘာအေးမှာ နေတဲ့ ဆရာတော်တွေက အဲဒီလို ဖြစ်တော့ ဟိုး တောရွာလေးတွေမှာနေတဲ့ သံဃာတော်တွေ အခြေအနေက ပြောစရာကို မရှိတော့ဘူး။

အဖွဲ့အစည်း ပုံစံကကို သာသနာတော်ကို ပြန့်ပွားဖို့ ဖွဲ့စည်းထားတာ မဟုတ်ဘူး။ (စစ်တပ်က) အသုံးချဖို့ ဖွဲ့စည်းထားတဲ့အတွက် ဖွဲ့စည်း ထားတာ။ အဲဒီလို ပြောတာတွေကို ဆရာတော်က သက်သက် မှိုချိုးမျှစ်ချိုး ပြောတာလားလို့ ပြောတာလားလို့ ဆိုကြရင် ဟော ဒီကနေ့ ပေါ်လာပြီ။

ဒီလူတွေလည်း ကျောင်းတွေ ဆောက်ကြတာပဲ။ မဟာသန္တိသုခကျောင်း ဆောက်တယ်ဆိုတုန်းက ဗိုလ်ချုပ်ခင်ညွန့်တို့ အင်တိုက်အားတိုက် ပါပြီး ငွေတွေ ဘာတွေ ရရှိရေး လုပ်တာပဲ။ သဘောက။ သူတို့လည်း ဘုရားတွေ တည် ကျောင်းတွေ ဆောက်နေကြတာပဲ။ ခင်ဗျားတို့လည်း အကြားပဲ မဟုတ်လား။ သူတို့လည်း တတ်နိုင်သရွေ့ လုပ်နေကြတာပဲ။

ဘုရားတည် ကျောင်းဆောက်တဲ့ သူ ဟာ ဘုန်းကြီးကို သတ်တယ်ဆိုလို့ရှိရင် ခင်ဗျား ဘယ်လိုလုပ် တွေးမလဲ။ တွေးစရာကို ဘုန်းကြီး ပြောပြတာပါ။ သာသနာကို တကယ် ကြည်ညိုတဲ့သူဆိုရင် သတ်ဖို့ဆိုတာက ဝေးရော။ ဘုန်းကြီးတွေကို အစစ်တွေ ပြောတယ်၊ အတုတွေ ပြောတယ်။ ဘုန်းကြီကျတော့ အစစ်တွေ အတုတွေ ပြောတယ်။ သူတို့ အစိုးရကျတော့ မင်းတို့ကရော အတုလား အစစ်လား ဆိုရင် သူတို့ ဘယ်လိုလုပ် ပြောမလဲ။ဟုတ်တယ် မဟုတ်လား။ သူတို့ဘက်ကျတော့ ဘယ်တော့မှ သူတို့ကိုယ် သူတို့ ပြန် မကြည့်ဘူး လေ။

သံဃာတွေ ဆန္ဒပြတာတယ်ဆိုတာက သံဃာတွေက လက်နက်မဲ့။ ဘာမှ ပါတာ မဟုတ်ဘူး။ စီးပွားရေး မပြေလည်တာတွေ၊ လောင်စာဆီ ဈေး ပြန် ချ ပေးဘို့ တောင်းတာပဲ။ တောင်းတာကို ပြေလည်အောင် လုပ်ပေးလိုက်ရင် သူတို့ ကျေနပ်သွားမှာပေါ့။ အဲဒီလို လက်နက်မဲ့သူကို သေနတ်ကြီးနဲ့ ပစ်လို့ ဒီကနေ့ တကမ္ဘာလုံးက ရင်ထုမနာဖြစ်နေကြတာ။

ဗမာတွေ၊ ဗုဒ္ဓဘာသာဝင်တွေ မပြောနဲ့၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ ခရစ်ယာန်ကရော၊ အစ္စလာမ်ကရော စိတ်ထဲမှာ ခါးခါးသီးသီး ဖြစ်လာတာ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်တွေက သူတို့ကိုယ် သူတို့ ဘာ လုပ်တယ်ဆိုတာ မစဉ်းစားနိုင်ဘူး။ ဘုရားတည် ကျောင်းဆောက်တဲ့ ဗိုလ်ချုပ်တွေက သံဃာတွေကို ဒီကနေ့မှာ သေနတ်နဲ့ ပစ်တယ်၊ ရဲဘက်စခန်း ပို့တယ်၊ ညှဉ်းပန်းတယ်၊ မသေမရှင် မီးသဂြိုံဟ် ပစ်တယ်ဆိုတာ အဲဒါတွေက ကမ္ဘာ့သတင်းတွေ၊ ရုပ်မြင်သံကြားတွေ၊ အင်တာနက်စာမျက်နှာတွေမှာ အကုန်လုံး မြင်နေရတာ။ အဲဒါကို ဘယ်လိုလုပ် ဖုံးကွယ်မှာလဲ။ အဲဒီတော့ ကျုပ်က ဘယ်လိုလုပ် နားလည်ရမှာလဲ။

ဒီလူတွေက နဂိုကတည်းက သံဃာ့အဖွဲ့အစည်းတွေ ဖွဲ့စည်းထားတယ်ဆိုတာ သူတို့ရဲ့ မတရားမှုတွေကို အခုလို ဖော်ထုတ်မှာစိုးလို့၊ မဖော်ထုတ်နိုင်အောင် ဖွဲ့စည်းထားတာ။ အဲဒီလို လုပ်ထားတဲ့ကြားက အခုလို ဆန္ဒပြမှုတွေ ဖြစ်လာတော့ ဒေါကန်ပြီးတော့ သတ်ပစ်တာပေါ့။ သာသနာကို ကြည်ညိုရင်တော့ အဲဒါမျိုးတွေ မဖြစ်ဘူး။

ခင်ဗျားတို့တတွေ ကြားချင်ရင် ကြားမယ်၊ အဲဒါတွေ မဖြစ်ခင်ကတည်းက - ပခုက္ကူအရေးအခင်း ဖြစ်ကတည်းက - ဘုန်းကြီးက သံဃာ့ မဟာနာယက ကို မေတ္တာရပ်ခံပါတယ်။ အရှင်ဘုရားတို့က ကြည့်ပြီး လုပ်ပေးပါ၊ ဒီကိစ္စက ဘာသာရေး ဖြစ်လာပြီ။ အစိုးရက ပစ်လား ခတ်လား လုပ်ရင် ကမ္ဘာမှာ ရှက်စရာလည်း ကောင်းမယ်၊ ၀မ်းနည်းစရာလည်း ကောင်းမယ်။ ဘုန်းကြီး အဲဒီလို ပြောခဲ့ပါတယ်။

သံဃာ့မဟာနာယက အနေနဲ့ ဘုန်းကြီးလေးတွေ ဘက်ကိုလည်း မလိုက်နဲ့၊ အစိုးရဘက်ကိုလည်း မလိုက်ပါနဲ့၊ ဘုန်းကြီး အထူး မေတ္တာ ရပ်ခံပါတယ် ဆိုပြီးတော့ သံဃာ့မဟာနာယကအဖွဲ့ကို မေတ္တာရပ်ခံခဲ့ပါတယ်။ အရှင်ဘုရားတို့ ဒီလိုမှ မလုပ်ရင် ဒီ စစ်တပ် ဆိုတဲ့ လူတွေက သိတ် စဉ်းစားတဲ့ လူတွေ မဟုတ်ဘူး လို့။ အရှင်ဘုရားတို့အနေနဲ့ ဖြစ်ခြင်း အကြောင်းကို ကျကျနန လေ့လာ သုံးသပ်ပြီးတော့ မိန့်ကြားပေးပါဆိုပြီးတော့ ဘုန်းကြီး မေတ္တာရပ်ခံတယ်။

သူတို့က မပြောချင်လို့လား၊ ကြောက်လို့ မပြောတာလားတော့ မသိဘူး။ ဘာမှ ပြောသံလည်း မကြားဘူး။ အခုတော့ ပစ်တဲ့ ခတ်တဲ့ အခြေအနေ ရောက်သွားတာပဲ။

အခုလို သံဃာတော်တွေရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို တပည့်တော်တို့ မြင်တာကတော့ ဒါယိကာ ဒါယိကာမတွေ ဆင်းရဲနေတာကို မမြင်တွေ့ လိုတဲ့ သံဃာတွေက ဒါယိကာ ဒါယိကာမတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ မေတ္တာနဲ့ ပြောပြ တောင်းဆိုတာလို့ မြင်ကြပါတယ် ဘုရာ့။ ဒါပေမယ့် မြန်မာစစ်အစိုးရကတော့ အခု ဖြစ်ပျက်ခဲ့တာတွေဟာ ပြည်ပနိုင်ငံတွေနဲ့ ပြည်ပမှာရှိတဲ့ မြန်မာတွေက မြှောက်ထိုး ပင့်ကော် လုပ်တဲ့အတွက် ဖြစ်ပွားခဲ့ရတာလို့ တလကျော် နှစ်လလောက် ဆက်တိုက် ပြောနေတာတွေ ရှိပါတယ် ဘုရာ့။ အဲဒီလို စစ်အစိုးရဘက်က ပြောဆိုနေတာတွေနဲ့ ပတ်သက်တဲ့ ဘုန်းဘုန်းရဲ့အမြင်ကို သိပါရစေ ဘုရာ့။

ဘုန်းဘုန်းရဲ့ အမြင်ကို ပြောရရင် - သူတို့က တခုတော့ ရှိတာပေါ့။ ၀မ်းလည်း နည်းပါတယ်၊ စစ်တပ်အစိုးရဲ့ တွေးခေါ်ချက်တွေကို လေ။ သူတို့က ထင်နေတာက တိုင်းပြည်ကို အုပ်ချုပ်တဲ့အခါ သေနတ်ရှိရင် တိုင်းပြည်ကို အုပ်ချုပ်လို့ရနေတယ်လို့ ထင်နေတာကိုး။ အဲဒီလို ထင်နေတဲ့အခါကျတော့ သူတို့တွေပဲ ၁၉၆၂ခုနှစ်က စပြီးတော့ သေနတ်ကြီးတွေနဲ့ အုပ်ချုပ်နေတယ်။

သူတို့တွေ ပြန် စဉ်းစားရမှာက ဒီလောက်ကောင်းတဲ့ ပြည်သူလူထုက ဘယ် ကမ္ဘာမှာမှ မရှိဘူး။ သူတို့ လုပ်ခဲ့တာတွေကိုလည်း ခင်ဗျား ပြန်စဉ်းစားကြည့်ဦးမှ ပေါ့။ သူတို့က သူတို့ လုပ်ခဲ့တာကို ပြန် မကြည့်ဘဲနဲ့ အမြဲတမ်း သူများရဲ့အပြစ်ပဲ ပြောနေတယ်။

၁၉၆၂ ခုနှစ်က စပြီးတော့ ပြည်သူပိုင် သိမ်းတယ်ဆိုပြီး အကုန် သိမ်းသွားတယ်။ ပြည်သူပိုင် သိမ်းတယ်ဆိုတာ ရှိပါတယ်၊ ကွန်မြူနစ်နိုင်ငံ တွေမှာ။ ဘီလီယံချီပြီး ချမ်းသာနေတဲ့သူတွေကို လုပ်တာ။ ဘုန်းကြီးတို့နိုင်ငံက ပြည်သူပိုင်က ကွမ်းယာဆိုင်က အစ သိမ်းတာ။ ဟုတ်တယ် မဟုတ်လား၊ ကွမ်းယာဆိုင်က စ သိမ်းတဲ့ ပြည်သူပိုင်မျိုး။ အဲဒီတော့ ဘာ ကျန်ရစ်ခဲ့လဲ။ ဘာမှ မရှိတော့ဘူး။ ဒါလဲ ဘုန်းကြီးတို့ တကာ တကာမတွေ ငြိမ်နေကြတာပဲ။

နောက်တခါကျတော့ သူတို့ ထုတ်တဲ့ ပိုက်ဆံပဲ ပြန် သိမ်းတယ်။ ပိုက်ဆံအတုတွေ ပေါ်လာလို့ ပြန်သိမ်းတယ် ဟုတ်လား။ ဒါလည်း စဉ်းစားစရာပဲ။ အခုတော့ အတုရော အစစ်ရော သိမ်းလိုက်တာ တပြားမှ ပြန် မပေးဘူး။ အဲဒါကြောင့် ဆွဲကြိုးချ သေတဲ့သူက သေ၊ အဲဒါတွေ ဖြစ်ခဲ့တယ်။ (၁၉၈၇ ခုနှစ်က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။)

နောက်တခါ ဘယ်တုံးကပဲ နေနေ၊ သူတို့လုပ်ချင်တာရှိရင် ဒီအိမ် ဖယ်ပေးရမယ်ဆိုရင် ဖယ်ပေးရတယ်။ ဒီလူကို ဖမ်းချင်တဲ့အချိန် ဖမ်းချင် သလို ဖမ်းတယ်။ ဖမ်းတယ်ဆိုရင်လည်း ပြောဆိုခွင့် ရှိဦးမှပေါ့၊ ဘာ့ကြောင့် ဖမ်းသလဲ၊ ဘာ အပြစ် လဲ၊ ဒီလိုလည်း ပြောဆိုခွင့် မရှိဘူး။ စာရွက်တရွက် တွေ့ရင်လည်း ထောင် အနှစ်တရာ ချ ချင်လည်း ချတယ်။ အဲဒီလို လုပ်လာတာတွေတော့ သူတို့ ဘာမှ မပြောတော့ဘူးလား။ လူတွေဟာ တခါထဲ ကြိမ်မီးအုံးဆိုသလို ခံနေရတာ။

ခံနေရတဲ့အခါ ကျတော့ သူတို့ ပြောတာတွေကြောင့် ဖြစ်တာ မဟုတ်ဘူးလို့ ဘုန်းကြီးက သေသေချာချာ ပြောတယ်။ စစ်သားဖြစ်နေပြီးတော့ ဒီလောက်တောင် ဉာဏ်နည်းနေရင်တော့ ကောင်းမှာ မဟုတ်တော့ဘူး။ မင်းတို့လုပ်တဲ့အလုပ် မင်းတို့ ပြန် ကြည့် လို့ ဘုန်းကြီး ပြောချင်တာက။

ဗမာလူမျိုးမို့လို အဲဒီလောက် သည်းညည်းခံနေတာ၊ ဒီ့ပြင်လူမျိုးဆိုရင် ကြာလှပြီ ပြန်ပြီးတော့ တော်လှန်တာ။ အမှန်ကတော့ လူတွေက သွားစရာ လမ်း မရှိတော့ဘူး။ လူတွေက အကြောက်တရားတွေနဲ့ ကြောက်ပြီးတော့ နေတော့။ လုပ်လိုက် ဖမ်းလိုက်၊ လုပ်လိုက် ဖမ်းလိုက်၊ ရက်ရက်စက်စက် လုပ်တဲ့နေရာမှာ လူတွေကို ဘ၀တုံးအောင် လုပ်နေတာ။

အဲဒါကြောင့် ရဟန်းတော်တွေက (သံဃာ့အဖွဲ့အစည်းမှာပါတဲ့ သူတို့ ခန့်ထားတဲ့ ဘုန်းကြီးတွေတော့ မပါဘူး ပေါ့) ရင်ထုမနာဖြစ်ပြီးတော့ တကာ တကာမတွေရဲ့ ကိုယ်စား ကိုင်း - ဒို့ လည်း ပြောတော့မှ ဖြစ်တော့မယ် ဆိုပြီးတော့ အခုလို ဖြစ်ကြတာ။

ဘယ်သူကမှ လုပ်တာ မဟုတ်ဘူး။ သူတို့ အုပ်ချုပ်တဲ့စနစ် မကောင်းလို့ ဖြစ်လာတာ ဆိုတာ အဲဒါ သဘောပေါက်ဖို့ လိုတယ်။ ဘုန်းကြီး မြင်တာကတော့ သူတို့ အုပ်ချုပ်တဲ့စနစ်က နည်းနည်း နောနော လား။ ၄၅ နှစ် ရှိသွားပြီ။ စနစ်က တခုမှ မကောင်းဘူး။ အဲဒါကို လူတွေက မကောင်းဘူး၊ ဘုန်းကြီးတွေက ဘုန်းကြီးအလုပ် မလုပ်ဘူး၊ သူတို့က ပြောနေတယ်။ ဘုန်းကြီး အလုပ် မလုပ်ဘူးသာ ပြောနေတယ်၊ စစ်သားကရော စစ်သား အလုပ် လုပ်ရဲ့လား။

စစ်သားဆိုတာက တိုင်းပြည်ကို ကာကွယ်ရမယ့် လူ။ ဗမာပြည်သူတွေက ပေးထားတဲ့ ပိုက်ဆံတွေနဲ့ တိုင်းပြည် ကာကွယ်ဖို့ မလုပ်ဘဲနဲ့ လူသတ် နေတယ်။ စစ်သားဆိုတာ အမှန်က တိုင်းပြည်ရဲ့ ရန်ကို ကာကွယ်ရမှာ။ ကမ္ဘာအနှံ့က စစ်သားတွေကို မေးကြည့်စမ်းပါ။

ဗမာစစ်သားဆိုရင်တော့ မပြောတတ်တော့ဘူး။ စစ်သားဆိုတာက အကုန် မဟုတ်ပါဘူး။ ဒီအထဲမှာလည်း သာသနာတော်ကို ကြည်ညိုတဲ့ စစ်သားတွေ မြောက်များစွာ ပါတယ်ဆိုတာ ဘုန်းကြီးတို့ သဘောပေါက်ပါတယ်။ အဲဒီလူတွေက ရှေ့တန်းမှာ မနေဘူး။ အခုနက ပြောသလို သံဃာ့မဟာနာယကလို ဖြစ်နေတာ။ အစိုးရအကြိုက်ကို လုပ်တဲ့ ဘုန်းကြီးက လူနည်းစု ပါ၊ စစ်တပ်မှာလည်း အခုလို သတ်လား ဖြတ်လားလုပ်တဲ့သူက နည်းပါတယ်။

ကျန်တဲ့လူတွေက အင်မတန် ကောင်းတဲ့ စစ်သားတွေပါ။ အဲဒီလူတွေက ကြောက်ပြီးတော့ မပြောနိုင်လောက်အောင် ဖြစ်နေတာ။ စောစောက ပြောသလို သံဃာ့မဟာနာယကအဖွဲ့ ဖြစ်သလို ဖြစ်နေတာ။ သံဃာ့နာယက ဖြစ်သလိုပဲ ကောင်းတဲ့သူ တွေက မပြောနိုင်တော့ မကောင်းတာပဲ နာမည်ထွက်တာပေါ့။

အဲဒီတော့ စစ်သားတွေကို ဦးစီးလုပ်သူတွေက ဒို့ လုပ်တာတွေ မလွန်ဘူးလားလို့ ပြန် လည်း စဉ်းစားဦးပေါ့။ ပြန် စဉ်းစားဖို့ ကောင်းတယ်လို့ ထင်တယ်လေ။ ဘုန်းကြီးက မေတ္တာနဲ့ ပြောတာပါ။ အပုပ်ချ ပြောနေတာ မဟုတ်ဘူး။ နောက်ပိတ်ဆုံး တခါတလေ ပြောတယ်။

ဟေ့ သေနတ်နဲ့ အုပ်ချုပ်လို့ကတော့ ဘယ်တော့မှ မရဘူး။ အုပ်ချုပ်လို့ရတယ်ဆိုရင် ၁၉၆၂ ခုနှစ်ကတည်းက ဒီနေ့အထိ လုပ်တာပဲ။ သေနတ်နဲ့ သတ်ပစ်ပေါင်း များလှပြီ၊ အခုတခါမှ မဟုတ်ပဲ။ အကြိမ်ပေါင်း မြောက်များစွာပဲ။ အဲဒီလိုသာဆို ငြိမ်နေမှာပေါ့။ အခုလည်း သတ်ချင်တိုင်း သတ်၊ နောင်လည်း အဲဒီအတိုင်း သွားမယ်ဆိုရင် ဒီလိုပဲ ထပ်ဖြစ်ဦးမှာပဲ။ အဲဒီလို ဘုန်းကြီးက စစ်တပ်ကို ပြောချင်တယ်။

အဲဒီတော့ စစ်တပ်က လူတွေက ကျကျနန နားလည်ဖို့ လိုတယ် ဗျ၊ ဘုန်းကြီးက သဘောပေါက်တယ် လေ။ လူထုက ခြောက်တဲ့သူ ရှိလို့ ကြောက်တာလို့။ ခြောက်တဲ့သူက ဘာဖြစ်လို့ ခြောက်သလဲ။ သူ့ ရာထူး တည်မြဲအောင်လို့။ စစ်တပ်ကြီး ဖွဲ့မယ်ဆိုပြီးတော့ လုပ်ထားတယ်လေ။ ခင်ဗျား မသိတာမှ မဟုတ်တာကြီး၊ ပညာတတ်တဲ့ လူ၊ စဉ်းစားတတ်တဲ့ လူတွေက အကုန်လုံး သိတယ်။

အဲဒီလို လူမျိုး မပြောနဲ့။ နောက်ဆုံး ရုရှား ဘာဖြစ်သလဲ။ ဆိုဗီယက် ဘာ ဖြစ်သလဲ။ အဲဒါတွေကို သဘောပေါက်ဖို့ လိုတာပေါ့။ ပိုပေါ့ အစိုးရ ဘာဖြစ်သလဲ။ လူတွေ သန်းနဲ့ချီပြီး သတ်ပစ်တာ။ နောက် ပိုပေါ့ ဘာဖြစ်သွားသလဲ။ (သူတို့က ဘုန်းကြီးရဲ့ တကာတွေပါပဲ) တရားအနေနဲ့ မေတ္တာရပ်ခံတာပါ။ သိတ် မလုပ်ကြနဲ့။ သိတ် လုပ်လို့ရှိရင် ဘယ်သူမှ ခံမှာ မဟုတ်ဘူး။

ခင်ဗျားတို့ဆီမှာ ရှိတဲ့လက်နက်က သူများဆီက ယူထားတဲ့ လက်နက်။ သိတ် ကြီးကျယ်တယ် ထင် မနေနဲ့။ ညူးကလီးယား ပိုင်တဲ့သူတောင် ဘာမှ လုပ်လို့ မရဘူး။ ဗမာပြည်က ညူးကလီးယားဆိုတာ သူများဆီက ခိုး ၀ယ်ထားတာတွေပဲ လို့။ လက်နက်တွေ စွမ်းတယ်လို့ ဒီလောက်ကြီးလဲ ထင်မနေနဲ့လို့ ဘုန်းကြီးက ပြောချင်တယ် လေ။

မြန်မာနိုင်ငံကို ပြောင်းလဲချင်နေတဲ့ ပြည်တွင်း ပြည်ပက မြန်မာတွေကို ဘုန်းဘုန်းအနေနဲ့ ဘယ်လိုများ မိန့်မှာချင်ပါသလဲ ဘုရာ့။

ပြည်တွင်းမှာ ရှိတဲ့ သူတွေရော ပြည်ပမှာ ရှိတဲ့သူတွေရော သဘောပေါက်ဖို့ရာက အလုပ်တခု ဖြစ်လာလို့ရှိရင် အမှတ်တမဲ့ မနေကြနဲ့ လို့။

ဗမာတွေက ထင်နေတာက မလုပ် မရှုပ် မပြုတ် ဆိုပြီးတော့ အေး အေး နေရင် ပြီးရောလို့ ထင်နေတယ်။ ဒီကနေ့ ဗမာပြည်မှာ ဘာဖြစ်လို့ အခုလို ဖြစ်သလဲဆိုတော့ ဗမာတွေက အေးအေးဆေးဆေး နေလို့ အခုလို ဖြစ်လာတာ။ အေးအေးဆေးဆေး နေတယ်ဆိုတာက တာဝန်ယူ ရမှာကို တာဝန် မယူတာ။

အင်္ဂလိပ်လို ပြောရင် The risk of the action နဲ့ The risk of the in-action လို့ ခေါ်တယ်။ risk ဆိုတာ တာဝန်တခုပေါ့လေ။ အလုပ်တခု လုပ်တဲ့အခါမှ အလုပ်လုပ်တာလည်း တာဝန်ရှိတယ်။ အလုပ် မလုပ်တာလည်း တာဝန်တခု ရှိတယ်။ မလုပ်ဘဲနေတဲ့ တာဝန်က လုပ်တာ ကြောင့် ဖြစ်လာတဲ့ တာဝန်ထက် ပိုကြီးတယ် လို့ ပြောတယ်။

အင်္ဂလိပ်လို ပြောရင် far greater than လို့ ပြောတယ်။ The risk of the in-action is far greater than the risk of the action အဲဒီလို ပြောတယ်။ ဘုန်းကြီးတို့ ဗမာပြည်မှာ ဖြစ်နေတာက ရှေးက နေခဲ့ကြသလို ရိုးရိုးအေးအေး နေခဲ့ကြတယ်။ အစိုးရတွေက တရား ဓမ္မနဲ့ အုပ်ချုပ်တဲ့ မင်းကျင့်တရား ၁၀ ပါးနဲ့ အညီ အုပ်ချုပ်တဲ့ အစိုးရတွေဆိုရင်တော့ ခင်ဗျားတို့ အဲဒီလို နေတာ ဘာမှ မဖြစ်ဘူး။

သူတို့က သူများသာ သွားပြီးတော့ အတုတွေ အစစ်တွေ ပြောနေတာ။ မင်းကျင့်တရား ၁၀ ပါးဆိုတာ ဗမာတွေ သိမှာပါ။ သူတို့မှာ ဘယ်နှစ်ပါးလောက် ရှိသလဲဆိုတာ မေးကြည့်ဦးပေါ့။ အဲဒီလိုလည်း တပြားမှ သမာဓိ မရှိဘူး။ သူများပဲ အပြစ်တင်နေတယ်။ ကိုယ့်ဖာသာကိုယ် ပြန်ကြည့်ရမှာ။

ဒါ့ကြောင့် မြတ်စွာဘုရားက ဗုဒ္ဓဘာသာမှာ ဟောထားတာ ဘယ်သူမပြု မိမိမှု တဲ့။ သူများ သွား အပြစ် မတင်နဲ့။ ကိုယ်လုပ်တာ အသုံးမကျလို့ ဆိုတာလည်း သိရမယ်။

ပြည်ပမှာ ရှိတဲ့ တကာတွေကလည်း ပြည်ပမှာ နေ နေပြီးတော့ ဒို့တော့ အေးနေပြီဆိုပြီးတော့ ဒို့နဲ့ ဘာမှ မဆိုင်တော့ဘူး လို့ အဲဒီလိုလည်း မနေကြနဲ့။ ဘုန်းကြီး တခါတလေတော့ ပြောပါတယ်။ အမြတ်ထွက်တယ် အမြတ်ထွက်တယ် ဆိုတာ အရင်း မဆုံးမှ လို့။

နိုင်ငံခြား ရောက်လာတဲ့အခါကျတော့ အသင့်အတင့်တော့ အေးအေးဆေးဆေး နေနိုင်ကြတာပါဘဲ။ နည်းနည်း ချမ်းသာတာနဲ့ များများ ချမ်းသာတာပါဘဲ၊ သို့သော် လည်း ကိုယ့် ညီအကို မောင်နှမတွေ ကြည့်စမ်း၊ ဘယ်လို နေရသလဲ။ မူရင်း တိုင်းပြည်ကမှ မကောင်းဘဲနဲ့ ကိုယ်က ဘာကြီး ဖြစ်နေနေ ချမ်းသာတယ်ဆိုတာ တကယ်တမ်း ချမ်းသာတာ မဟုတ်ဘူးလို့ ဘုန်းကြီး ယူဆတယ် လေ။ အရင်း ဆုံးနေတယ်၊

ဒါ့ကြောင့် အရင်း မဆုံးအောင် လုပ်ကြပါ လို့ ဘုန်းကြီးက မေတ္တာရပ်ခံချင်တယ် လေ။ ပြည်တွင်း ပြည်ပမှာ ရှိတဲ့ သူတွေကို နော်။

အခုလို အပိုင်း ၄ ပိုင်းခွဲပြီး ဖော်ပြခဲ့တာတွေကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ခေတ္တ ရောက်ရှိသတင်းသုံးနေတဲ့ ကမ္ဘာ့သာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသအား နိုဝင်ဘာ ၁၃ ရက်၊ ၂၀၀၇ နေ့က မေးမြန်း လျှောက်ထားချက်များကို မိတ်ဆွေများအတွက် ဝေငှ ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ် ခင်ဗျာ။
လေးစားလျက်

ဘားမားတူဒေး

နိုဝင်ဘာ ၁၇ ရက်၊ ၂၀၀၇

No comments: